လွမ်းပျော်
ရပ်ဓလေ့ ရွာဓလေ့ နေအိမ်မှ သုဿန်သို့ ပို့ဆောင်ကြသော အချိန်တွင် သေသူ၏ နောက်ဆုံး ခရီးမို့ ကျန်ခဲ့သူ မိသားတစ်စုနှင့် ဆွေမျိုးသားချင်း မိတ်ဆွေ သင်္ဂဟတို့က မပို့ချင်ပါဘဲလျက် မသွားစေလိုသည့် အရပ်ကို ကိုယ်တိုင် ထမ်းပို့ကြရသည်။ လှပစွာ ဆင်ယင်ထားသော ပန်းတွေနှင့် ဝေနေတတ်သော ထမ်းစင် သို့မဟုတ် လှည်းဘီး စင်ပေါ်တွင် နောက်ဆုံးခရီးကို လျှောက်လှမ်းနေသူအတွက် မလုပ်ပေးလိုက် နိုင်ခဲ့သည်များကို တမြေ့မြေ့ အောက်မေ့ ပူဆွေး ကြရသည်။ အရင်းအချာများ၏ သောကမီးသည် တငွေ့ငွေ့ တောက်လောင်လေရာ မခံနိုင်လွန်းသောအခါ ရင်ထဲက ဆန္ဒတို့ကို ဖွင့်ထုတ်လိုက်ကြသည်။
ဆေးခန်း သွားမယ်ဟေ့
ရွာမှာမွေး ရွာမှာကြီးပြီး ဆရာဝန်ဖြစ်တော့လည်း ရွာမှာဘဲပြန်ပြီး ဆေးခန်းဖွင့်တဲ့ ဒေါက်တာ ခင်ဌေးဝင်းရဲ့ အသံကြောင့် တငြိမ့်ငြိမ့် သွားနေတဲ့ အလောင်းစင်တင် လှည်းကြီးဟာ တုန့်ကနဲ ရပ်သွားပြီးနောက် သတိဝင်လာတဲ့ လူငယ် လူရွယ်တို့ဟာ အလောင်းစင်ကို ဆေးခန်းရှိရာဘက်ဆီ နောက်ကြောင်းပြန် တွန်းကြပါတော့တယ်။ အလောင်းလှည်းနောက်မှာ တိတ်ဆိတ်စွာ လိုက်ပါလာကြတဲ့ လူကြီးသူမတွေ သေသူရဲ့ မိကြီး ဖကြီး ဦးကြီး ဒေါ်ကြီးတွေရဲ့ တဟဲ့ဟဲ့နဲ့ အော်ဟစ် တားမြစ်သံတွေဟာ လူငယ်တွေရဲ့ စိတ်ဇောအဟုန်ကို ဘယ်လိုမှ မတားဆီးနိုင် ခဲ့ပါဘူး။ ဗေ .. ဗေ .. ဗေ .ဗေ. ထီ….. ဆိုတဲ့ အသုဘပို့ ဆိုင်းသံဟာ တမုဟုတ်ချင်းမှာဘဲ ဗေထီ . ဗေထီ . ဗေထီ . ဗေထီ … ဆိုပြီး ပတ်ကြမ်းတိုက်တဲ့ တီးလုံးအဖြစ် ပြောင်းလဲ သွားခြင်းက လူငယ်တွေရဲ့ ပွင့်ထွက်လာတဲ့ စိတ်တွေကို မီးလောင်ရာ လေပင့်လိုက် သလိုပါပဲ။
အဲသည်လိုနဲ့ အလောင်းလှည်းကြီးဟာ ရွာထဲမှာဘဲ လူးလား ခေါက်ပြန် ဟိုပြေး သည်ပြေး ပြေးနေရ ပါတော့တယ်။
ဘိလိယက်ခုံကို သွားမယ်ဟေ့
သေသူနဲ့ ဘိလိယက် ထိုးဖော် ထိုးဖက်တွေက သူတို့နဲ့အတူ မကစားရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ဘိလိယက်ခုံဘက် ခေါ်သွားကြပြန်တယ်။
မကြွက် မုန့်ဟင်းခါး သွားစားရအောင်ဟေ့
မသေခင်က အလွန် စားချင်ခဲ့လှတဲ့ မကြွက်မရဲ့ မုန့်ဟင်းခါးဆိုင်ဘက်ကို အခုတော့ ရုပ်ကလာပ် အဖြစ်နဲ့ ရောက်သွားရ ပြန်ပါပြီ။
ဘောလုံးပွဲ ကြည့်ချင်လို့တဲ့ဟေ့
ကျန်းမာရေး မကောင်းလို့ မကြည့်ရတာ ကြာပြီဖြစ်တဲ့ ဘောလုံးပွဲ၊ အရူးအမူး စွဲလမ်းခဲ့ရတဲ့ ဘောလုံးပွဲတွေ ပြသရာ ငြိမ်းချမ်းသာ ဗီဒီယို ရုံဘက်ကိုလည်း အလည်တစ်ခေါက် ပို့ပေးကြပြန်ပါတယ်။
ဘုန်းကြီးကျောင်းကို သွားဦးမယ်တဲ့ဟေ့
နေကောင်းရင်တော့ သင်္ကန်းလေး စည်းလိုက်ချင်သေးတာလို့ မသေခင်က တဖွဖွ ပြောခဲ့တဲ့ သေသူရဲ့ ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးကြပြန်ပါတယ်။
အလောင်းလှည်းကြီးဟာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ရှေ့ပိုင်းနဲ့ နောက်ပိုင်း အားပြိုင်တွန်းကြ အားပြိုင်ဆွဲကြလို့ အားချင်းမျှနေတဲ့အခါ လမ်းပေါ်မှာ တန့်ပြီး ရပ်နေလိုက်နဲ့။ ညီအစ်ကို မောင်နှမတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေဟာ လူကြီးသူမတွေ တဟဲ့ဟဲ့နဲ့ ကြိမ်မောင်း ရိုက်နှက်နေတဲ့ ကြားကပဲ သူတို့ရဲ့ သွားလေသူကြီး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ကြိုးစားရင်း ခြေကုန် လက်ပန်းကျလာတဲ့ အခါမှပဲ အလောင်းလှည်းကြီးဟာ သုဿန်ကို ရောက်ပါတော့တယ်။
သုဿန် ဇရပ်မှာ စောစောတည်းက ရောက်နှင့် စောင့်ဆိုင်းနေတဲ့ သံဃာတော်နဲ့ ပရိသတ်ဟာ သေသူမိသားစု နေရာယူပြီးချိန်မှာ သရဏဂုံတင်ဖို့ ပြင်ဆင်ကြပါတယ်။
မောင်လေးရေ တရားနာရအောင်ဟေ့ လာ လာ မမနားမှာ ထိုင်
တကယ့် သက်ရှိထင်ရှား မောင်ငယ်တစ်ယောက်ကို ခေါ်သလို လှမ်းခေါ်ပြီး သူ့ဘေးမှာ ချဲထားတဲ့ နေရာလေးမှာ ထိုင်ဖို့ လက်နဲ့ ပုတ်ပြတဲ့ အစ်မကြီး ဖြစ်သူမှာလည်း မျက်ရည်စတွေနဲ့။ အမျှအတန်း ဝေပြီးတဲ့ အချိန်မှာဘဲ ရုပ်အလောင်းထည့်ထားတဲ့ အခေါင်းကို မီးသင်္ဂြုဟ်ဖို့ ပြင်ဆင်ထားတဲ့ ထင်းပုံပေါ်ကို သယ်သွားကြတယ်။ ထုံးစံအရ အခေါင်းကို မှောက်ချလိုက်ပြီး ရုပ်အလောင်းကို ထင်းပုံပေါ် တင်ချလိုက်တဲ့အခါ အမေဖြစ်သူက ဖြည်းဖြည်း ဖြည်းဖြည်း လုပ်ကြပါလို့ ပြောရှာတယ်။ ခံစားမှု မရှိတော့မှန်း သိပေမယ့် သူ တစ်သက်လုံး စောင့်ရှောက် ပြုစုခဲ့ရတဲ့ သားကလေး နာရှာမှာ စိုးလို့ ထင်ပါရဲ့။
မီး စရှို့တဲ့အချိန် တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်တွေကြားမှာ လောကကြီးထဲက အပြီးထွက်သွားတော့မယ့် ညီငယ်ကို အစ်ကိုကြီး ဖြစ်သူက နှုတ်ဆက်တယ်။
. . . ညီညီရေ . . . မင်း သွားချင်တာတွေအကုန် အစ်ကိုကြီး ပို့ပေးခဲ့ပြီးပြီ
အခု မင်း ဘယ်သွားချင်သေးတုန်း ညီညီရဲ့ . . .
ငိုကြီးချက်မနဲ့ ဟစ်လိုက်ပြီးနောက် မျက်နှာကို အုပ်ကာ ဒူးထောက် ထိုင်ချလိုက်တဲ့ အစ်ကိုကြီးကို သူ့သူငယ်ချင်းတွေက လာပြီး ဖေးကူကြတယ်။
. . . ညီညီရေ . . . အဲသည်မှာ ပူပါတယ်ကွယ့် . . . ဒီနား လာနေပါ ငါ့တူလေးရဲ့ . . .
အသင့် သွေးယူလာခဲ့တဲ့ နံ့သာဖြူ ကရမက် ခွက်လေးထဲမှာ အပြေခက်လေး စိုက်ပြီး မီးပုံကြားထဲက တူမောင်လေးကို အေးလိုအေးငြား သပြေခက်လေးနဲ့ ပက်ပက်ပြီး ဒေါလေး ဖြစ်သူက ခေါ်ရှာတယ်။
အခက်အခဲတွေ ကြားကနေ သူပြန်လာချင်လွန်းလှတဲ့ သူ့မွေးရပ်မြေကို ရောက်အောင် ပို့ပေးပြီး ရွာပြင် သုဿန်မှာ မီးသင်္ဂြုဟ်ပြီးတဲ့အခါ သူ့မီးခိုးတွေ ဘယ်ကို သွားသလဲ ကြည့်ပါတယ်။
ဟော . . . မီးခိုးတွေဟာ တလိမ့်လိမ့်နဲ့ ရွာပေါ်မှ ၀ဲလို့ပါလား
( ဆယ်လလောက် မကျန်းမမာ ဖြစ်ပြီး အိပ်ယာပေါ် လဲနေခဲ့သော ကျွန်တော့် ညီအလတ် ညီညီသည် ၉-၅-၂၀၀၈ သောကြာနေ့ ည ၇း၀၀ နာရီခန့်တွင် ဆုံးပါးသွားခဲ့ပါသည်။ မျှော်လင့်စရာမရှိတော့သော သူ၏အခြေအနေကို ကြည့်ပြီး ထိုနေ့ မနက် ကိုးနာရီလောက် ကတည်းက ကျွန်တော့်ကို အိမ်က လှမ်းခေါ်ပါသော်လည်း ခွင့်ပြုချက် မရ၍ မသွားနိုင်ခဲ့ပဲ သူ ဆုံးသွားကြောင်း နောက်ဆုံး သတင်း ရောက်လာသော အချိန်ကျမှ တစ်ခါတည်း ခွင့်တင်၍ အိမ်ပြန်ရပါသည်။
အိမ်ရောက်သောအခါ အမေ အစ်မ နှစ်ယောက်နှင့် တူမလေး တစ်ယောက်သာရှိပြီး ငိုသံများ ကြားမှသာ ဘေးအိမ်များက သိရှိပြီး လာရောက်ကြကြောင်း ပြောပါသည်။ အစ်ကိုကြီး မလာသေးဘူးလားနဲ့ တမေးတည်းမေးပြီး ကျွန်တော့်ကို စောင့်နေသေးကြောင်း ပြောကာ အမေ တို့က ဆီးပြီး ငိုပါသည်။ ကျွန်တော်ရောက်ပြီး သိပ်မကြာမီမှာပင် ရေဆင်းမှ ဦးလေးမြင့် ပိုင်ပိုင်နှင့် ကိုဇော်နိုင်တို့ ရောက်လာကြပါသည်။
သူ၏ နောက်ဆုံး နေ့ရက်များတွင် ရွာကို ပြန်ချင်လွန်းသဖြင့် တတမ်းတတ လုပ်နေသော သူ၏ဆန္ဒကို ဖြည့်ဆည်းသော အားဖြင့် ရွာတွင် သွားရောက် သင်္ဂြုဟ်ပေးခဲ့ပါသည်။
ကျွန်တော်တို့ရုံးက ကားတစ်စီး ကကကွန်က ကားတစ်စီး အလောင်းတင် ကားတစ်စီးနှင့် ရွာပြန်ကြသော သူ၏ နောက်ဆုံးအိမ်ပြန်ခရီးသည် ကြေကွဲ ၀မ်းနည်းစရာ အတိ ဖြစ်ပါသည်။ ရွာအ၀င်တွင် လာရောက်စောင့်ကြိုနေသူများက အိမ်တွင် ပြင်ဆင်ထားကြောင်း ပြောသဖြင့် အိမ်သို့ သွား၍ အလောင်းကို ကားပေါ်မှ ချကာ ဆွေမျိုးများက ၀ိုင်းဝန်း ငိုကြွေး ကြပါသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မဲပေးပြီး ယူနီဖောင်းတောင် မလဲခိုင်းဘဲ ခေါ်လာရသော စည်သူဟိန်း၊ ဘုန်းမော်ထွန်း၊ ရဲခေါင်၊ နိုင်လင်းထိုက်၊ ထွန်းအောင်ဇော်၊ ကံဇော်နိုင်စိုး၊ ဇေယျာလင်း၊ အေးခိုင်စိုး၊ ထွန်းလင်းနိုင်၊ ဇော်နိုင်ဝင်း၊ စိုးပိုင်နှင့် ဟန်လင်းဇော် တို့ ကို ကျေးဇူး တင်ပါသည်။ သူတို့တွေ ပါလာလို့လည်း ညီညီ့အလောင်းသည် အေးဆေးညင်သာစွာဖြင့် သုဿန်သို့ သွားရခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ညီညီ့အလောင်းကို ကစားပါရစေ ကြီးကြီးရာ၊ သူကလည်း လူပျိုလေးမို့ ကျွန်တော်တို့မှာ လွမ်းလည်းလွမ်း ပျော်လည်းပျော်ရ လွမ်းပျော်လေးအနေနဲ့ ခွင့်ပြုပါဟု ရွာက ကာလသားများ၏ အမေ့ထံ လာရောက် ခွင့်ပန်ချက်ကို သဘောပင် မတူငြားသော်လည်း သည်အတိုင်း ကြည့်နေရတော့မည် ဖြစ်သည်။
အဆောင်အယောင် ပကာသနများ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းများကြားတွင် ပျော်တတ်သော ညီညီတစ်ယောက် ဆွေတွေမျိုးတွေကြားမှာ မသေရသော်လည်း ဆွေတွေမျိုးတွေ သူငယ်ချင်းတွေနဲ့ စည်စည်ကားကားကြီး နောက်ဆုံးခရီးကို ချီတက်ရတာတော့ ကျေနပ်နိုင်လိမ့်မည် ထင်ပါသည်။)
( ၁၀-၅-၂၀၀၈)