Sunday, 22 March 2015

ကျွန်တော်သွားချင်တဲ့ အမေ့အိမ်

အခုချိန်မှာ ကျွန်တော်သေသွားမယ်ဆိုရင် မှာခဲ့ချင်တာလေးတွေ ရှိပါတယ်။
ကျွန်တော်ဟာ ဘယ်လောက်ပဲ ခေါင်းမာမာ ဘယ်လောက်ပဲ အစွမ်းပြနိုင်နိုင် လောကကြီးမှာ ကျွန်တော် မဖြေရှင်းနိုင်တဲ့ပြဿနာတွေ အတွက် စိတ်ဖိစီးမှုတွေ ခံစားနေရတယ်ဆိုတာ နားလည်ပေးစေချင်ပါတယ်။
တစ်ခါတစ်လေ မိသားစုအတွက် ကြီးမားတဲ့ ပြဿနာကြီးတွေမှာ ကျွန်တော့်ဆီက ဖြေရှင်းချက်ကို လိုချင်တာဟာ ကျွန်တော့်ကို ဖိအားပေးတာနဲ့ တူနေပြီး ဘာမှ မသိသလို ဘာသိဘာသာ နေပေးခြင်းအားဖြင့် ကျွန်တော့်ကို အများကြီး ကူညီ ဖြေရှင်းပေးရာ ရောက်တယ်ဆိုတာ သိစေချင်ပါတယ်။
မိဘတွေက မဖြစ်စေချင်တာတွေ ကျွန်တော်တော့ ဖြစ်နေပြီလို့ ယူဆမိတဲ့အခါမှာ ကျွန်တော့်ကို ကြိမ်းမောင်း မာန်မဲ အပြစ်တင်နေတာထက် ကျွန်တော့် ခံစားချက်နဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာ အတိမ်အနက်ကို သိအောင် ကြိုးစားပေးစေချင်တာကို သတိရစေချင်ပါတယ်။
တစ်ချို့ ပြဿနာတွေဟာ ဝိုင်းဝန်း ဖြေရှင်းဖို့ ကြိုးစားရင်း ပိုပို ကြီးမား ကျယ်ပျံ့လာတတ်ပြီး ဘာမှ မဖြစ်သလို ဆိတ်ဆိတ် နေပေးခြင်းဖြင့် ပိုမို အဆင်ပြေစေတယ်ဆိုတာကို မမေ့စေချင်ပါဘူး။
အမေ့အိမ်ဆိုတာက ဖြစ်နေသမျှ လောကဓံ အခက်အခဲတွေရဲ့ ခေတ္တ ပုန်းရှောင် ခိုအောင်းတဲ့ နေရာလေး တကယ်ကို ဖြစ်စေချင်ပါတယ်။ ဖြစ်နေသမျှ လောကဓံတွေကို တူးဆွ မြေလှန်နေမယ်ဆိုရင် အမေ့အိမ်ဟာ ကျွန်တော် ဖြတ်သန်းနေရတဲ့ ကြမ်းတမ်းတဲ့ ခရောင်းလမ်းလို သာယာမှု မရှိနိုင်ပါဘူး။
အမေ့အိမ်ဆိုတာ ကျွန်တော့် လိပ်ပြာ မသန့်ခဲ့တဲ့ လုပ်ရပ်တွေအတွက် စိတ်ချလက်ချ ဖွင့်ဟပြီး ရင်ထဲက ဝေဒနာတွေ ပျောက်ကင်းသက်သာစေမယ့် ဘုရားကျောင်း ဆရာတော်လိုသာ ဖြစ်စေချင်ခဲ့တာပါ၊ ကျူးလွန်ခဲ့သမျှ အပြစ်တွေအတွက် ထိုက်တန်တဲ့ စီရင်ချက်တွေနဲ့ ဒဏ်ခတ်ဖို့ စောင့်နေတဲ့ တရားရုံးအဖြစ် မရောက်စေချင်ပါဘူး။
တကယ်တော့ အမေ
ကျွန်တော် ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်ဟာ အမေ့သားမို့လို့ ချစ်တာပါဆိုရင် ကျွန်တော် ဘယ်လောက်တော်ပြီး ဘယ်လောက် အပြစ်ကင်းသလဲ မမေးနေပါနဲ့တော့ အမေ။
တစ်လောကလုံးရဲ့ အဝေဖန် အစစ်ဆေးနဲ့ အကဲ့ရဲ့တွေ စုံစမ်းစစ်ဆေးမှုတွေကနေ ရှောင်ပြေးပြီး အားလုံးထက် လုံခြုံတဲ့ အမေ့ရဲ့ ရင်ခွင်မှာ ခဏလေးဖြစ်ဖြစ် ခိုဝင် နားခွင့် ပေးပါအမေရယ်။