Monday, 22 December 2008

တောဂေါ်လီနဲ့ ဘုရားပူဇော်

 တောဂေါ်လီနဲ့ ဘုရားပူဇော်

         အလှူအတန်း ထမြောက် အောင်မြင်တဲ့ အထိမ်းအမှတ်နဲ့ အလှူ့ရှင်တွေ က ၀မ်းမြောက်ဝမ်းသာ ထပြီး ကကြ ခုန်ကြရာကနေ ဗြောသံဆိုတာ မြန်မာ့ ဂီတမှာ ပေါ်ပေါက်ခဲ့ရတယ်လို့ မှတ်သားဖူးပါတယ်။

          လည်ကတုံးအင်္ကျီအဖြူကိုယ်စီ ယောပုဆိုးအနက်ရောင်လေးတွေ ကိုယ်စီဝတ်ထားတဲ့ လူပျိုပေါက်လေးတွေက တောဂေါ်လီ သီချင်းနဲ့ တွန့်လိမ်ပြီးကောက်ကွေးပြီး ရော့ခ်တွေ ပေါ့ပ်တွေ ဒီဂျေတွေ ကနေတာကို ဘုရားပူဇော်တာပါဆိုရင် ပြောတဲ့သူ ရူးရာကျပါလိမ့်မယ်။ ကတာကတော့ တကယ်ကို ကနေကြတာပါ။ ကလိုက်သမှ သူတို့ခေါင်းက ဂျယ်လိမ်းပြီး ထောင်ထားတဲ့ ဆံပင်တွေ အောက်က တစ်ဖက်စီ ပန်ထားတဲ့ စိန်နားကပ်လေးတွေတောင် ၀င်းကနဲ လက်ကနဲ ဖြစ်သွားအောင် ကကြတာပါ။

          တကယ်တော့ ဒီကလေးတွေဟာ မိကောင်းဖခင် သားသမီးလေးတွေ ဖြစ်ရုံတင် မကပဲ သူတို့ရဲ့ မိကောင်းဖခင်တွေ ကိုယ်တိုင် အနားမှာ ရှိနေကြပါတယ်။ မြန်မာဆန်ဆန် ပုဆိုးတွေ တိုက်ပုံတွေ ပ၀ါတွေ ဆင်မြန်းထားတဲ့ မိဘတွေဟာ သူတို့ သားသမီးတွေ လမ်းလည်ကောင်မှာ နေ့ခင်းကြောင်တောင် သိုးဆောင်း တီးလုံးနဲ့ မြူးထူးပျော်ပါးနေတာကို မတားမြစ်တဲ့ပြင် သူတို့ကပါ ကြည်နူးရွှင်လန်းတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး အားပေးနေကြပါတယ်။ ကလေးတွေကလည်း အရက်မူးပြီး ကတဲ့ပုံ မပေါ်ပါဘူး။ ဒီလိုဆိုရင်လည်း မိဘများက ခွင့်ပြုမယ် မထင်ပါဘူး။

          ဒီကလေးတွေကို မြန်မာ့ ယဉ်ကျေးမှု ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် နည်းနည်းမှ အချိုးပြေတဲ့ပုံ မပေါက်ပါဘူး။ ကိုရီးကားကားထဲက မင်းသားတွေထားတဲ့ ကော်ရည်နဲ့ ထောင်ထားတဲ့ ဆံပင်ပုံစံ၊ နားတစ်ဖက်တည်းမှာပဲ ပန်ထားတဲ့ နားကပ်၊ လည်ကတုံးအင်္ကျီ အဖြုရောင်၊ ယောပုဆိုး နဲ့ အောက်က စီးထားတဲ့ ကွင်းထိုးဖိနပ်တို့ဟာ တစ်ခုနဲ့ တစ်ခု ဘယ်လိုမှ မအပ်စပ်ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် စောစောကလေးတင်ပဲ သူတို့ဟာ သူတို့ရပ်ကွက် သူတို့လမ်းက နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ကျရာနေရာကနေ ကျေကျေပွန်ပွန် စိတ်ပါလက်ပါ ၀င်ရောက်ဆင်နွှဲခဲ့ပြီးပါပြီ။ ဘုရားကျောင်းဆောင် ဆောက်တုန်းက၊ ရပ်ကွက်ထဲမှာ အလှူခံတုန်းက၊ ဘုရားပင့်တဲ့ကားကို အလှအပတွေ ဆင်တုန်းက၊ ဘုရားလှည့်လည် အပူဇော်ခံတုန်းက သူတို့တွေဟာ သူတို့နဲ့ သင့်တော်ရာရာ တာဝန်တွေကို ကျေပွန်အောင် ထမ်ဆောင်ခဲ့ကြပါတယ်။

          ဒီကလေးတွေကို သရုပ်ပျက်လို့ဆိုပြီး သူတို့ကို အခုလို ဘုရားတရားကိစ္စ၊ ရပ်ရွာ လူမှူရေးကိစ္စတွေမှာ ၀င်ပါခွင့် မပေးပဲ အပြစ်တွေချည်းသာ တင်နေမယ်ဆိုရင်လည်း သူတို့ရဲ့ လုပ်အား သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကို ဆုံးရှုံးရတာက လွဲလို့ သူတို့တွေပုံစံကို ကိုယ်လိုချင်သလို ပုံသွင်းယူလို့ ရနိုင်မယ် မထင်ပါဘူး။ အခုတော့ မလွှဲမကင်းသာတဲ့ ခေတ်ရေစီးကြောင်းမှာ လိုက်ပါ စီးမျောနေတဲ့ သူတို့ရဲ့ မျက်စိနောက်စရာ ၀တ်စား ဆင်ယင်မှုလေးတွေကို သည်းခံ ခွင့်လွှတ် နားလည်ပေးပြီး သူတို့ရဲ့ တက်ကြွတဲ့ အားမာန်တွေကို ကောင်းရာကောင်းကြောင်းဘက်ကို ဦးတည်ပေးလိုက်တော့ သူတို့တွေဟာ ရပ်ကွက်ထဲက လူကြီးဆိုသူတွေ ကြည့်မရတဲ့ လမ်းသရဲလေးတွေဘ၀ကနေ ရပ်ကွက်အတွက် အသုံးဝင်တဲ့ လုပ်အားရှင်လေးတွေ ဖြစ်လာရပါတော့တယ်။

          နှစ်ကျိပ်ရှစ်ဆူ ဘုရားတွေ စီတန်းလှည့်လည် အပူဇော်ခံပွဲတွေ ပြီးလို့ ကိုယ့်ရပ်ကွက်ကို ပြန်ရောက်ကြတော့ ဘုရားယာယီ စံကျောင်းတော်က ဖွင့်ပေးထားတဲ့ တောဂေါ်လီ တီးလုံးနဲ့အတူ ဒိုးဒိုးဒန့်ဒန့် ကကြခုန်ကြတာဟာ အဟိုရှေးက အလှူအတန်း ရေစက်ချပြီး အောင်မြင်ပြီးမြောက်လို့ တီးမှုတ်တဲ့ ဗြောသံမှာ အလှူ့ရှင်တွေ ၀မ်းမြောက်ဝမ်းသာ ကခုန်ကြတဲ့အဖြစ်နဲ့ အတူတူပဲလို့ ထင်ပါတယ်။ အဲဒီတုန်းကသာ တောဂေါ်လီတို့၊ ဖိုးချစ်နဲ့ သားစိုးဆိုထားတဲ့ ဟေလာမောင်ရို့ဝါး သီချင်းတို့ခေတ်စားမယ်ဆိုရင် အလှူ့ရှင် အလှူ့အမ ဆိုတဲ့ လူကြီးလူကောင်းတွေဟာ ပုဝါစတွေ တလူလူ၊ တောင်ရှည်ပုဆိုးတွေ တကားကား၊ ဆံထုံးကြီးတွေ တယမ်းယမ်း လက်ဝတ်ရတနာတွေ တပြောင်ပြောင် တလက်လက်နဲ့ ဒီဂျေ ကနေကြမှာ အသေအချာပါပဲ။

          ဘုရားရှင်ရဲ့ သာသနာတော်အရေး၊ ရပ်ရေးရွာရေး ကိစ္စတွေမှာ မျက်စိစပါးမွေး စူးချင်စရာ လူငယ်လေးတွေကို သည်းညည်းခံပြီး ပူးပေါင်းပါဝင် ဆင်နွှဲခွင့်ပေးတဲ့ ကျောက်မြောင်းက ရပ်မိရပ်ဖတွေကို မြန်မာ လူငယ်ထု တစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်မိပါကြောင်းနဲ့ ဒီလို လူကြီးမျိုးတွေ များများရှိလာပါစေ လို့ ဆုတောင်းမိပါကြောင်း။ (၂၂-၁၂-၂၀၀၈)

Saturday, 12 July 2008

ဖုန်းလာမှာကြောက်တယ်

ဖုန်းလာမှာကြောက်တယ်

          ဤရုံးတွင်နေစဉ် ကျွန်တော် ၀န်အလေးဆုံး အရာများထဲမှ တစ်ခုမှာ ဖုန်းဖြေရခြင်းဖြစ်သည်။ သူစိမ်း သူကျက် ခင်မင်ရင်းနှီးသူ သူငယ်ချင်း မိတ်ဆွေ ဆွေမျိုး ဆွေမျိုး၏ အသိများ သူငယ်ချင်း၏ အသိများ နောင်တော် ညီငယ်နှင့် ၎င်းတို့၏ အသိများ စသည်ဖြင့် လူစုံလှသည်။ သူတို့၏ သို့မဟုတ် သူတို့ ပတ်သက်သူများ၏ ရာထူး တိုးတက်ရေး ပြောင်းရွှေ့ရေး ကိစ္စများကို မေးမြန်းခြင်း ဖြစ်သည်။ တည့်တည့်တစ်မျိုး သွယ်ဝိုက်၍တစ်ဖုံ မေးကြမြန်းကြသော အမေးအမြန်းတွေက စုံလှသည်။
ထိုသို့ ၀န်လေးလှသော တယ်လီဖုန်း မေးခွန်းများကို မဖြေချင်ဘဲဖြေ မပြောချင်ဘဲ ပြောရခြင်းမှာ နံပါတ်တစ်အချက်ကတော့ မိတ်မပျက်လိုခြင်းကြောင့် ဖြစ်သည်။ တာဝန်ထမ်းဆောင်ရင် သင်တန်းတက်ရင်း နယ်တကာလှည့်ရင်း အတိုင်းအတာ ပေါင်းစုံဖြင့် ရင်းနှီးခဲ့ကြသူများသည် သူတို့၏ အသိတစ်ဦး သည်လိုနေရာ ရောက်သည်ကို ၀မ်းမြောက်ဝမ်းသာ ရှိကြသည်။ ကိုယ်တိုင် ၀မ်းမြောက်နိုင်ရုံနှင့် မတင်းတိမ်နိုင်ရကား မိတ်ဆွေ သူငယ်ချင်း မိသားစုများကိုပါ ၀မ်းသာလှိုက်လှဲ ပြောမိလေသောအခါ ထိုထိုသော တစ်ဆင့်စကား ကြားဖူးနားဝ ရှိသူတို့ကလည်း ဖုန်းနံပါတ်လေးကို လိုကာမယ်ကာ ယူထားပြီး သကာလ ဖုန်းတဂွမ်ဂွမ် ဆက်လေတော့၏။ ကျွန်တော်တို့မှာ ပြောပြန်ရင်လည်း အခက် မပြောပြန်ရင်လည်း အခက်မို့။ ဒီကောင်က ကြီးကျယ်သွားပြီ တို့ကိုတောင် စကားကောင်းကောင်း မပြောတော့ဘူး ဆိုသည့် အပြောမျိုး၊ ဒီကောင် သည်နေရာ ရောက်တာနဲ့ အချိုးတွေ ပြောင်းသွားပါလား ဆိုသည့် အပြောမျိုး၊ အဲသည်ကောင် သွားမေးမနေနဲ့ လေကုန်ရုံပဲရှိမယ် ဆိုသည့် အပြောမျိုးတို့လည်း ကြောက်ရွှံ့ရကား လာသမျှဖုန်းတွေကို ဒိုင်ခံ ဖြေကြားရပါလေ၏။
          နံပါတ်နှစ် အချက်ကတော့ သူတိုတွေကို ကိုယ်ချင်း စာနာစိတ်နှင့် ပြောခြင်း ဖြစ်သည်။ သူ့ခမျာ အားကိုးရှာလို့ ဆက်ပေတာပဲ၊ ငါ့မမေးလဲ ဘယ်သူ့သွားမေးမလဲ၊ ရေငတ်တဲ့သူ ရေဗူးလေး လှုပ်ပြသလို စကားလေးနဲ့ဖြစ်ဖြစ် နှစ်သိမ့်လိုက်ရင် နည်းနည်း စိတ်အဆာပြေလေးများ ဖြစ်သွားလေမလား။ စောင့်ရှောက်ပါဦး ညီလေးရယ်။ စောင့်ရှောက်ပါဦး အစ်ကိုကြီးရယ်။ မင်းညီလေးကို စောင့်ရှောက်ပေးပါ သားရယ်။ မင်းအစ်ကိုကြီးကို ကြည့်ရှုပါဦး ငါ့မောင်ရယ်။ မင်းသူငယ်ချင်းကတော့ မင်းဘဲ အားကိုးရမှဘဲ ငါ့တူ။ စသော စိတ်ထဲက ပါပါ မပါပါ ရိုကျိုးနှိမ့်ချစွာ ပြောလာကြတာ တွေကို ဘယ်လို နှလုံးသားမျိုးနဲ့ ပစ်ပစ်ခါခါ ပြောရမလဲ စဉ်းစားနေတုန်း။
ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများပေမို့ စကားတွေ ပြောရတာ အရသာ ရှိမှာ ဖြစ်ပေမယ့် ကိုယ်နဲ့ မရင်းနှီး အကျွမ်းတ၀င် မရှိသူ တစ်ယောက်နှင့် စကားရော ဖောရော လုပ်ရတာလောက် စိတ်ပင်ပန်းတာ မရှိ။ ကိုယ်နဲ့ တစ်ခါမှလည်း မတွေ့ဖူး နာမည်မျှပင် မကြားဖူးသူ တစ်ယောက်က သူ့ကိုယ်သူ မိတ်ဆက်ပြီး ဘယ်သူက အစ်ကိုကြီး ဖုန်းနံပါတ် ပေးလိုက်လို့ လှမ်းမေးကြည့်တာပါ ပြောလျှင် ထို ဖုန်းနံပါတ် ပေးသူကို ( ကိုယ်နဲ့ ရွယ်တူ ငယ်သူဖြစ်လျှင် ) နားရင်းတွေသာ လှိမ့်လှိမ့် ရိုက်ပစ်ချင်လှသည်။ ( ကိုယ့်ထက် ကြီးသူ ဆိုရင်တော့ ) နောင်များတော့ သည်လို လျှောက် မပေးလိုက်ပါနဲ့ဗျာ ဆိုပြီး အုန်းငှက်ပျောပွဲလေး ရှေ့ချကာ တောင်းတောင်းပန်ပန် ကန်တော့လိုက်ချင်သည်။
          ကျွန်တော်တို့ဆီက သတင်း အချက်အလက်များမှာ တရားဝင် မထုတ်ပြန်သရွေ့ ပေါက်ကြားခွင့် မရှိသည် ဖြစ်ရာ အများစုကတော့ သည်အချက်ကို အဘောပေါက်သဖြင့် အမေးအမြန်း မထူလှသော်လည်း တစ်ချို့ကတော့ တော်တော် အလိုက်ကန်းဆိုး မသိဆိုရင် ကျွန်တော် အာကြမ်းရာ ကျမည် ထင်ပါသည်။ ယဉ်ကျေးသမှုနှင့် သူပြောတာလေးကို အလိုက်အထိုက် လိုက်လိုက်ပြောရင်းက သကောင့်သားက ကမ်းတက်လာ သောအခါ အားနာနာနှင့်ပင် ခေါ်နေပြီ သွားလိုက်ဦးမယ် ဆိုကာ ဇွတ် ဖုန်းချ ပစ်လိုက်ရသောဟူ၏။
          အမိန့်တစ်ခု ထွက်ပြီ ဆိုပါတော့။ ပြောခွင့်ရှိသည့် အချိန်ရောက်၍ ပြောပြရမည် ဆိုလျှင်ပင် တစ်လက်မ ထုလောက်ရှိသော ထိုအမိန့် တစ်ထပ်ကြီးကို အနုလုံ ပဋိလုံ အစုံအဆန် လှန်လှောကာ မောင်မင်းကြီးသားများ၏ နာမည်ကို ရှာပေးရလေသည်။ ရှေ့ပိုင်း စာမျက်နှာများမှာ သူတို့နာမည်တွေ့လျှင် သက်သာပြီလို့ အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ မတွေ့များ မတွေ့လို့ကတော့ ငါများ မျက်စိ လျှမ်းလေသလားဆိုပြီး နောက်တစ်ခါ ထပ်ရှာ။ ခေါင်းနောက်လှသည်။ ဒါတွင် မကသေး။ အမေး နွားကျောင်းသားထုံး နှလုံးမူထားသော ထို အမျိုးကောင်းသားက သူ့အတွက်တွင်မက သူ၏ မိတ်ဆွေ ရောင်းရင်းတွေ အတွက်ပါ အဆစ်မေးလိုက်သေးသည်။ ရှာပါလေဦးတော့၊ မျက်စိ မွဲအောင် ရှာပေးပါလေဦးတော့။
          တစ်ခါတစ်လေ ကျတော့လည်း အဲသလောက်ပဲ မေးတာကို ကျေးဇူးတင်ရမလိုလို။ တစ်ချို့က မေးတတ်လွန်းသည်။ အခု အမိန့်ထဲမှာတဲ့ ကျွန်တော်တို့ အပတ်စဉ်က ဘယ်နှယောက်လောက် ပါသလဲတဲ့။ အနှီ ကျွန်တော်တို့ အပတ်စဉ် ဆိုတာတွေကို လိုက်ရေတွက်ပြရသည်။ ပြီးပြီလား မပြီးသေး။ ဘယ်နေရာတွေ ရောက်ကြတုန်းတဲ့။ ဖတ်ပြရသေးသည် တစ်ခါ။ ဟိုကောင်က ဘာလို့ အဲသည် နေရာ ရောက်ရတာလဲ တို့၊ အခု မပါသေးတဲ့သူတွေက ဘယ်တော့လောက် ဖြစ်မလဲတို့ မေးလာရင်တော့ နည်းနည်း လွန်လာပြီ ဆိုရပေလိမ့်မည်။
သည့်ထက်ဆိုးတာက ဘယ်သူ ဘယ်ဝါကဖြင့် ဘယ်တပ်ကို ပြောင်းချင်လို့ ၊ ရောက်သွားဖို့သာ အဓိကပါ၊ ဘယ်လောက် ကုန်ကုန် ဆိုတာမျိုးတွေ ဖြစ်သည်။ သူတို့မို့လို့ အားမနာ လျှာမကြိုး၊ မြွေမကြောက် ကင်းမကြောက်၊ ဖုန်းထဲမှာ ပြောရဲသည်။ အဲသလို ပြောလို့ ကျွန်တော်က ဘု ပြန်တောလျှင် ဘယ်သူ လွန်ပါသနည်း။
          ဤရုံးတွင်နေစဉ် ကျွန်တော် ၀န်အလေးဆုံး အရာများထဲမှ တစ်ခုမှာ ဖုန်းဖြေရခြင်းဖြစ်သည်။ (၁၂-၇-၂၀၀၈)

Thursday, 3 July 2008

သူငယ်ချင်းများနှင့် နေ့လည်စာ


သူငယ်ချင်းများနှင့် နေ့လည်စာ

ငယ်ငယ်တုန်းက ကျောင်းတက်ရင်း သူငယ်ချင်းတွေနဲ့ အတူ နေ့လည်စာ ၀ိုင်းဖွဲ့ စားရတဲ့ အရသာမျိုး လူတော်တော်များများ ကြုံဖူးကြမှာပါ။ ကျွန်တော်လည်း ငယ်ငယ်တုန်းကလို့ မဆိုနိုင်ပေမယ့် ရန်ကုန် တက္ကသိုလ်မှာ ဘွဲ့လွန်တက်နေတုန်း သူငယ်ချင်းတွေနဲ့ နေ့လည်စာ အတူစားခဲ့ဖူးတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။
ကျွန်တော်နဲ့ နေ့လည်စာ အတူစားခဲ့တဲ့သူတွေဟာ တစ်တန်းတည်းသားချင်းမို့ သူငယ်ချင်းလို့ ဆိုပေမယ့် တကယ်တော့ ကျွန်တော် ရိုသေချစ်ခင်ရတဲ့ အစ်မတွေ ဖြစ်ပါတယ်။ တေဘုမ္မာ သ်ီချင်းကြီးကို ရေးသွားတဲ့ ဦးပြုံးချိုတို့ ကျိုက်လတ်မြို့က မဇင်မာလွင်၊ ကြိုးကြာမသောက် ရေမနောက် မပေါက်ရွှေကြာ မိထိလာဆိုတဲ့ ကြည်တစ်ခြမ်း နောက်တစ်ခြမ်း ရေကန်ကြီး ရှိတဲ့ မိတ္ထီလာမြို့ သူ မမေသူထွေး၊ စာဆိုတော် အကျော်အမော် န၀ဒေးကြီးတို့ရဲ့အရပ် ပြည်မြို့က မလွင်သန္တာထား။ နာမည်ကြားလိုက်တာနဲ့ ( တံတားဦးက ကွမ်းနုဝါ)ဆိုတဲ့ စာချိုးလေးကို သတိရသွားစေတဲ့ မခင်ဝါနု။ ခရမ်းကနေ ရန်ကုန်တက္ကသိုလ်ထိ ကားတမေ့တမောစီးပြီး ကျောင်းလာတက်ရတယ်ဆိုတဲ့ မငြိမ်းသွဲ့ခိုင် တို့ဟာ ကျွန်တော်နဲ့ နေ့လည်စာ အတူစားဖက် သူငယ်ချင်းများ ဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ မပါပေမယ့် ကျွန်တော့်အတွက် ဟင်းတွေ တကူးတကချက် ယူလာပေးတတ်တဲ့ သူကတော့ အင်္ဂလိပ်လို ပြောတဲ့အခါ အသံစူးစူးလေးနဲ့ နားနားပြီး ပြောတတ်တဲ့ မဆွေနိုင်ထွန်း ဖြစ်ပါတယ်။
ရိပ်သာက လာပို့ပေးတဲ့ ထမင်းဗူးဟာ နေ့တိုင်း အသားဟင်း ဆိုပေမယ့် စားချင့်စဖွယ် နည်းနည်းလေးမှ မကောင်းတဲ့ဟင်းပါ။ စပြီး စားရခါစကတော့ မဆိုးပါဘူးလို့ ထင်ခဲ့ပေမယ့် ကြာလာတော့ နေ့တိုင်း စားနေရတဲ့ ဒီထမင်းဗူးဟာ ဖွင့်လိုက်လို့ ဟင်းနဲ့ ရတာနဲ့ကို စားချင်စိတ် ပျောက်သွားမတတ်ပါ။ အဲဒီလို အခြေအနေမျိုးမှာ ကျွန်တော့် သူငယ်ချင်းများ ကိုယ်တိုင် စောစောထ ချက်ပြုတ်ကြော်လှော်လာတဲ့ ဒါမှမဟုတ် သူတို့အိမ်တွေက ချက်ပြုတ် ကြော်လှော် ပေးလိုက်တဲ့ ဟင်းတွေဟာဆိုရင် ကျွန်တော့်အတွက် နတ်သုဒ္ဓါတမျှပါပဲ။ ကျွန်တော့် အစ်မများက သူတို့ ကြော်လှော် ချက်ပြုတ်လာတာတွေကို ရက်ရက်ရောရော ကျွေးရုံသာမကဘူး ကျွန်တော့် ထမင်းဗူးထဲက ဟင်းတွေကိုပါ စိတ်ဝင်တစား စားပေးတဲ့အတွက် ကျေးဇူးတင်ရပါသေးတယ်။
ကျွန်တော့် သူငယ်ချင်း မမများဟာ ထမင်းစားရင် ဟင်းထည့်ကျွေးရုံသာမက ထမင်းစားပြီးရင်လည်း လက်ဖက်ရည်တို့ ကော်ဖီတို့ တိုက်ပါသေးတယ်။ အမြဲတမ်းလိုလို ဘိုင်ပြတ်နေတဲ့ ကျွန်တော်ဟာ သူတို့တိုက်တဲ့ လက်ဖက်ရည် ကော်ဖီတွေသာ ခဏခဏ သောက်ပြီး သူတို့ကိုရော ဘယ်နှခါ ကော်ဖီတိုက်ဖူးသလဲလို့ အခု စဉ်းစားကြည့်တာ ခေါင်းထဲမှာ ပေါ်မလာပါဘူး။ အဲဒီလို ထမင်းလည်းကျွေး လက်ဖက်ရည်လည်းတိုက်တာကို ပြန်သတိရမိရင် ငယ်ငယ်တုန်းက မြန်မာ့သမိုင်းမှာ သင်ရတဲ့ သင်္ဘောသဌေး ဦးနာအောက်နဲ့ အပြိုင် (ထမင်းလည်းကျွေး ပုဝါ တစ်ပိုင်စီကိုလည်း လက်ဆောင်အဖြစ်ပေးတဲ့) ဗြိတိသျှ အရင်းရှင်တို့ရဲ့ ဧရာဝတီ သင်္ဘော ကုမ္ပဏီကို သွား သတိရမိပါတယ်။
ထမင်းစားရင်း စကားတွေ ပြောတဲ့အခါ ကျွန်တော်က အတန်းထဲက ကျွန်တော်ကြိုက်နေတဲ့ မမ တစ်ယောက်အကြောင်း ပြောရင် သူတို့ က သည်းခံ နားထောင်ပေးသလို သူတို့ပြောတဲ့ ဟိုမင်းသားနဲ့ ဟိုမင်းသမီးက ဘာဖြစ်ပြန်ပြီတဲ့ ဆိုရင်လည်း ကျွန်တော်က နားထောင်ပေးရပါတယ်။ ထမင်းဝိုင်းမှာ အများဆုံး ကြားရတာကတော့ မဇင်မာရဲ့ သားလေးအကြောင်း၊ မလွင်သန္တာ ( တိတ်တိတ်ပုန်းအခေါ် ကြောင်လေး) ရဲ့ အမေအကြောင်း၊ မငြိမ်းရဲ့ မောင်လေးအကြောင်း၊ မမေသူရဲ့ အွန်နရီတို့ ဘာတို့ ပါတဲ့ ဘောလုံးပွဲအကြောင်း တွေပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က အခုထိုင်နေတဲ့ နေရာရဲ့ တောင်ဘက် မိုင်နှစ်ရာ့ငါးဆယ်အကွာမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နေ့လည်စာ စားခဲ့ကြတာဟာ စိတ်ထဲမှာတော့ဖြင့် အခုလေးတင် စားပြီးခါစလို့ပဲ အောက်မေ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်စရာ ကျောင်သားဘ၀ဟာ မကြာခင်မှာပဲ အဆုံးသတ်သွားခဲ့ပြီး ချစ်လှစွာသော မမများကလည်း တက္ကသိုလ် ဆရာမတွေဖြစ်။ ကျွန်တော်လည်း ဦးစီးအရာရှိဖြစ်နဲ့။ တစ်နယ်စီ ဝေးသွားကြတဲ့အခါ တစ်ခါတစ်ရံ အကြောင်းတိုက်ဆိုင်ရင် ဖုန်းလေးဘာလေးဆက်လိုက် ရယ်လိုက်မောလိုက်နဲ့ ။
စိတ်ကူးလေး ယဉ်ကြည့်မိပါတယ်။ တစ်နေ့နေ့မှာ သားတွေ သမီးတွေ အိမ်ထောင်ဘက်တွေ မပါပဲ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် ဦးချစ်ဆိုင်ရှေ့က မဟော်ဂနီပင်ကြီးအောက်မှာ ကျွန်တော်တို့ ထမင်းဝိုင်းလေး ပြန်ကျင်းပဖြစ်တယ်ဆိုရင် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ ။ ရယ်လို့မောလို့ ။ လွမ်းစရာလေးတွေ ရှက်စနိုးစရာလေးတွေ ဂုဏ်ယူစရာလေးတွေ စားမြုံ့ပြန်လို့ ။ မသေကြခင် တစ်ခါလောက်ပဲဖြစ်ဖြစ်ပေါ့။ ( ၃-၇-၂၀၀၈)

Tuesday, 1 July 2008

အောင်စစ်သည်အလံအပ်နှင်းပွဲ (၂၀၅၀)


အောင်စစ်သည်အလံအပ်နှင်းပွဲ (၂၀၅၀)
    နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည့် ပွဲပေမို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း ရှိ ပန်းတွေက အစွမ်းကုန် ဖူးပွင့် ဝေဆာနေသလို တက်ရောက်လာသည့် မင်းပရိသတ်အပေါင်းကလည်း စည်စည်ကားကား ရှိလှသည်။ မင်္ဂလာအချိန် ကျရောက်သည်နှင့် စစ်ရေးပြကွင်းထဲ ၀င်ရောက်လာသော ဗိုလ်လောင်း စစ်ကြောင်းများ။ ဘယ်ရီဦးထုပ် နီညိုရောင် အစိမ်းရောင် စစ်ဝတ်စုံပေါ်တွင် တလက်လက် တောက်ပနေသော ရွှေကြယ်သီး နှင့် ခါးပတ်များ ၀တ်ဆင် ချီတက်လာသော ဗိုလ်လောင်း တပ်ခွဲများပုံစံက အနီရောင် ပန်းကော်ဇောကြီး စည်းချက်ညီညီ ရွေ့လာသလို သီဆိုတီးမှုတ်လာသော စစ်သီချင်း စစ်တီးလုံး ဂီတ သံစဉ်များနှင့် အားမာန် တက်ကြွဖွယ်ကောင်းလှသည်။ အနီရောင် အောက်ခံပေါ်မှာ အစိမ်းရောင် ကဒေါင်းရုပ်ကြီးပါသော အောင်စစ်သည် ဒေါင်းအလံတော်ကို ကိုင်ဆောင် ချီတက်လာတာက ယမန်နှစ် အောင်စစ်သည် ဒေါင်းအလံပိုင်ရှင် ၀န်ဇင်းမင်းရာဇာ တပ်ခွဲ။ ယင်းနောက်မှာတော့ ယခုနှစ် အောင်စစ်သည် ဒေါင်းအလံပိုင်ရှင် အသစ်ဖြစ်လာမည့် ဗိုလ်လရောင် တပ်ခွဲ။ ယင်းနောက်မှာ အစဉ်အတိုင်း လိုက်ပါလာသည်က အနော်ရထာ တပ်ရင်းမှ ကျန်စစ်သားတပ်ခွဲ ငထွေရူးတပ်ခွဲ ငလုံးလဖယ်တပ်ခွဲ စသော ပထမ မြန်မာနိုင်ငံတော်က ထင်ရှားသော သူရဲကောင်းများကို အစွဲပြု မှည့်ခေါ်ထားသည် တပ်ခွဲ ဆယ့်လေးခွဲ၊ ဘုရင့်နောင် တပ်ရင်း ၏ တပ်ခွဲ ဆယ့်လေးခွဲ၊ အောင်ဇေယျ တပ်ရင်း၏ တပ်ခွဲ ဆယ့်လေးခွဲ စုစုပေါင်း လေးဆယ့်နှစ်ခွဲတိတိ။
    ဗိုလ်လောင်း စစ်ကြောင်းများ နေရာယူပြီး မကြာမီမှာပင် နိုင်ငံတော် သမ္မတကြီး ယာဉ်တန်း ၀င်ရောက်လာသည်။ ရွှေဖလားရောင် တောင်ရှည်ပုဆိုး နံ့သာရင့်ရောင် ရင်ဖုံးအင်္ကျီ နှင့် နီညိုရောင် ခေါင်းပေါင်းပေါင်းထားသည့် နိုင်ငံတော် သမ္မတကြီးက အလေးပြုခံ စင်မြင့်ထက်တွင် နေရာယူပြီး ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူသည်။ သုံးရောင်ခြယ် အလံတော်၏ အောက်ဝယ် ဗိုလ်လောင်းများအား ပြန်လည် ဦးညွတ် အလေးပြုနေသော နိုင်ငံတော် သမ္မတကြီး ဟန်ပန်က ထည်ဝါလှသော်လည်း သိမ်မွေ့ရိုကျိုးလှပါသည်။
    အောင်စစ်သည် တပ်ခွဲ အဟောင်းနှင့် အသစ်တို့မှ ဗိုလ်လောင်းနှစ်ဦး ပြိုင်တူ ဒူးထောက်၍ ထိုင်ချလိုက်ချိန်တွင် သမ္မတကြီးမှာ ဒေါင်းအလံ ပိုင်ရှင်ဟောင်း၏ မျက်နှာကို မကြည့်မိအောင် သတိထားပြီး ဒေါင်းအလံကို ရိုသေစွာ နုတ်ယူ၍ အောင်စစ်သည် တပ်ခွဲအသစ်၏ တပ်ခွဲမှူးလက်သို့ အပ်နှင်း ထိုးစိုက်ပေးလိုက်သည်။ အောင်စစ်သည် ဒေါင်းအလံတော်ကို စွန့်လွှတ်လိုက်ရသော ဗိုလ်လောင်း၏ ခံစားချက်နှင့် အလံတော်ကို ပိုင်ဆိုင်လိုက်ရသော ဗိုလ်လောင်း၏ ခံစားချက်တို့ကို သမ္မတကြီး ကောင်းစွာ စာနာခံစားမိပါသည်။ လွန်ခဲ့သော ရာစုနှစ်ဝက်လောက်က ဤနေရာမှာပင် ယခင်နှစ်က နောင်တော်ကြီးများ ဂုဏ်ယူဝင့်ကြွားစွာ လက်ခံရယူခဲ့သည့် အောင်စစ်သည် အလံတော်ကို သူစွန့်လွှတ်ခဲ့ရဖူးပြီး ဖြစ်သည်။ ထိုစဉ်က သူရင်ထဲမှ အလံတော်ကို နုတ်ယူခဲ့သူက ကျောင်းအုပ်ကြီး ဖြစ်သော်လည်း ယခု အလံတော်ကို နုတ်ယူသူက နိုင်ငံတော် သမ္မတကြီး ဖြစ်နေတာသာ ကွာခြားပါသည်။
    အောင်စစ်သည် အလံတော် အပ်နှင်းပွဲကား စည်စည်ကားကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဒေါင်းအလံပိုင်ရှင် အသစ်ဖြစ်သော ဗိုလ်လရောင်တပ်ခွဲရှိဗိုလ်လောင်းများအတွက်ကား အခုမှ အခမ်းအနား စရုံသာ ရှိသေးသည်။ မနေ့ က သောကြာနေ့ တစ်ရက်လုံးလုံး မနက်ပိုင်း စစ်ရေးပြလုပ် နေ့လည်ပိုင်းမှာ စစ်တက္ကသိုလ် ပညာရပ်ဆိုင်ရာ ပြပွဲတွေမှာ ၀င်ရောက်ပြသရနှင့် ဗိုလ်လောင်းတွေ မအားမလပ်နိုင်အောင် ရှိခဲ့ရသည်။ အစိုးရအဖွဲ့ ၀န်ကြီးများ အသင်းအဖွဲ့များ တက္ကသိုလ် ပါမောက္ခချုပ်များ အလေးအနက်ထား၍ လာရောက် လေ့လာကြရသော စစ်တက္ကသိုလ်၏ ပညာရပ်ဆိုင်ရာ ပြခန်း အသီးသီးမှာ ဧည့်သည်တော်များ၏ မေးမြန်းစူးစမ်းချက်တွေကို မမောနိုင် မပန်းနိုင် ဖြေကြားရင်း တစ်နေ့တာ ကုန်ဆုံးခဲ့ရသည်။ ဒေါင်းအလံ ပိုင်ရှင်သစ် ဗိုလ်လောင်းတပ်ခွဲ၏ အခမ်းအနားများက ဒီနေ့ စနေနေ့မှ အားရပါးရ ဆင်နွှဲကြမည် ဖြစ်သည်။
    အောင်စစ်သည်ဒေါင်းအလံကို ကိုင်ထားသော ဗိုလ်လရောင်တပ်ခွဲ ဗိုလ်လောင်း တပ်ခွဲမှူးသည် အရောင်တဖိတ်ဖိတ်လက်ထနေသော အလံတော်ကို ကြည့်၍ ဒီအလံတော် ပိုင်ဆိုင်ခွင့်ရရန် ကြိုးစားခဲ့ရပုံတွေကို ပြန်လည် မြင်ယောင်နေမိသည်။ ပထမနှစ်မှာ နယ်ကျော်ပြေးပြိုင်ပွဲ လက်နက်ငယ်ပြိုင်ပွဲ စစ်ရေးပြ ပြိုင်ပွဲတွေအတွက် စီနီယာတွေက ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးတုန်းက ပိုလွန်းတယ် ထင်ခဲ့မိသည်။ သူများတွေ ထမင်းသွားစားချိန်မှာ တန်းမဖြုတ်သေးဘဲ အချိန်ပို လေ့ကျင့်နေသေးသော နည်းပြ ဗိုလ်လောင်းအပေါ် အမျိုးမျိုး မေတ္တာပို့ခဲ့မိသည်။ ဒါပေသိ ပင်ပင်ပန်းပန်း ပြိုင်ပွဲတွေ ပြီးပြန်တော့ အဆင့်ကောင်းကောင်း ရသောအခါ အသားကုန် ပျော်ခဲ့ရသည်မှာလည်း သူတို့ပင်ဖြစ်သည်။ သည်လို ပြိုင်ပွဲတွေ ပညာရည် မှတ်တမ်းတွေ အကျင့်စာရိတ္တ စစ်စည်းကမ်းနှင့် အနေအထိုင် သပ်ရပ်မှုတွေ အားလုံးပေါင်းပြီးမှသာ၊ တပ်ခွဲရှိ နှစ်ကြီးနှစ်ငယ် ဗိုလ်လောင်းတွေ၏ ပူးပေါင်းအားထုတ် ကြိုးစားမှသာ ရပိုင်နိုင်သော သည် ဒေါင်းအလံကို ၀ံ့ဝံ့စားစားကြီးကြည့်ရင်း မိမိတို့ ကြိုးစားခဲ့သမျှ မိမိတို့ မခံစားရမှန်း သိပါလျက် ညီငယ်များ ဂုဏ်လုပ်နိုင်ဖို့ အားကြိုးမာန်တက် အလုပ်လုပ်သွားခဲ့သော မနှစ်က ကျောင်းဆင်းသွားသည့် နောင်တော်ကြီးများကိုလည်း လှမ်း၍ သတိရလိုက်သေးသည်။
    အိုးစည်သံ ဒိုးပတ်သံ တညံညံနှင့် အောင်စစ်သည် အလံတော်ကြီးကို ဝှေ့ကာယမ်းကာ ဂုဏ်ယူ ၀င့်ကြွားနေသော ဗိုလ်လရောင် တပ်ခွဲက တပ်ခွဲမှူးဗိုလ်လောင်း ဦးစီးသည့် ညီငယ် ဗိုလ်လောင်းများ တပ်ရင်း သုံးရင်းလုံး လှည့်လည် မော်ကြွားနေသည်ကို မကြာမီ ရှုစားရပေဦးတော့မည်။ ( ဇူလိုင် ၂၀၀၈)

ကျောင်းဖွင့်ချိန် မိုးတွေရွာ

ကျောင်းဖွင့်ချိန် မိုးတွေရွာ
    အခုလို ကျောင်းဖွင့်ချိန် မိုးတွေ သည်းကြီး မည်းကြီး ရွာပြီလား ဆိုမှဖြင့် ငယ်ငယ်က မိုးအခါ ကျောင်းသွားခဲ့ရတာလေးတွေကို သတိရမိတယ်။ နှစ်စဉ်နှစ်တိုင်း ဇွန်လရဲ့ ပထမဆုံး တနင်္လာနေ့ ဒါမှမဟုတ် ဇွန်လ တစ်ရက်နေ့ဟာ ကျွန်တော်တို့ နိုင်ငံက အခြေခံပညာ ကျောင်းတွေ ဖွင့်တဲ့အချိန်ပါ။ အိမ်နဲ့ တစ်ခေါ်သာသာလောက်သာ ဝေးတဲ့ မူလတန်းကျောင်းကို ကျောင်းသွားတက်ရတဲ့ ကျွန်တော်တို့ ညီအစ်ကို တတွေဟာ ညနေ ကျောင်းဆင်းချိန် မိုးရွာရင် အိမ်က လာကြိုမယ့်သူကို စောင့်ရပါတယ်။ ထီးမပါလို့ မိုးထဲရေထဲ မပြန်ချင်လို့သာ လာအကြိုကို စောင့်ရပေမယ့် တကယ့်တကယ်တော့ မစောင့်ချင်လှပါဘူး။ မိသားစု တစ်ခုလုံးမှာမှ ထီးက နှစ်လက်လောက်ပဲ ရှိတဲ့အတွက် တစ်ခါတစ်လေ ထီးက အိမ်မှာ မရှိတဲ့အခါမျိုးမှာ အဖေဟာ သစ်စေးသုတ်ထားတဲ့ စကောမည်းမည်းကြီးတွေ ခမောက်တွေ ယူလာပြီး လာကြိုတတ်လို့ ရောင်စုံထီးတွေကြားမှာ စကောတွေ ခမောက်တွေ ဆောင်းပြီး အိမ်ပြန်ရမှာ ရှက်တဲ့ကျွန်တော်တို့ ညီအစ်ကိုတွေကို အဖေ့ကို သိပ်ပြီး လာမကြိုစေချင်လှပါဘူး။
မိုးဦးလေဦးဆိုတာ လေရောမိုးရော လာတတ်တဲ့အခါမို့ မိုးရွာရင်း လေပါတိုက်ရင် ကျွန်တော်တို့ ကလေး တစ်ရပ်စာလောက်ပဲ အကာရှိတဲ့ စာသင်ခန်းတွေက မိုးပက်တာ ခံရပါတယ်။ မိုးပက်လို့ ချမ်းချမ်းစီးစီး စိတ်ညစ်ပေမယ့် စာသင်ပျက်တာရယ် မိုးမပက်တဲ့ထောင့်တထောင့်မှာ ၀ိုင်းပြီးစုပြုံတိုးရတာရယ်ကို သဘောကျလို့ မိုးတွေရွာလေတွေတိုက်ပြီဆိုရင် ဆရာဆရာမတွေက စိတ်ညစ်ပေမယ့် ကျွန်တော်တို့ကတော့ ပျော်တာပါပဲ။ လေမတိုက်ဘူးဆိုရင်တောင်မှ သွပ်တစ်ခြမ်း ၀ါးကပ်တစ်ခြမ်းမိုးထားတဲ့ ခေါင်မိုးက သွပ်ဘက်ကသာမိုးလုံပြီး ၀ါးကပ်မိုးတဲ့ဘက်က မိုးမလုံပါဘူး။ ဒါကြောင့် မိုးများများရွာတဲ့အခါ လေမတိုက်ပေမယ့်လည်း စာသင်ပျက်လို့ပျော်ရတာပါပဲ။
    လေးတန်းအောင်ပြီး ကျွန်တော်တို့က အနောက်ကျောင်းလို့ခေါ်တဲ့ သာဝတ္ထိအထက်တန်းကျောင်း သွားတက်တော့လည်း အိမ်က ကျွန်တော့်ကို ထီးမ၀ယ်ပေးတဲ့အတွက် ခမောက်တစ်လုံးနဲ့ ပုလဲဓာတ်မြေသြေဇာအိတ်ကို ကိုယ့်ဘာသာ ချုပ်ပြီး တစ်ခါတစ်လေမိုးများရင် ခုံဖိနပ်နဲ့ ကျောင်းကိုသွားတဲ့အခါ သူငယ်ချင်းတွေက ဗိုလ်အောင်ကျော်လို့ နာမည်ပေးတာ ခံရပါသေးတယ်။ ကျောင်းကြီးကိုသွားရတာ ကားလမ်းအတိုင်းသွားရင် တကွေ့ကြီးပတ်ရတာမို့ စက်ဘီးမစီးနိုင်တဲ့ ကျွန်တော်တို့ဟာ အိမ်နောက်ကဖြတ်လမ်းအတိုင်း ချီတက်ရပါတယ်။ စစ်တောင်းမြစ်ရဲ့ လက်တက်တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ ရွာနောက်ကချောင်းဟာ များသောအားဖြင့်တော့ ကူးလို့ရပေမယ့် မိုးများတဲ့အခါ ဒါမှမဟုတ် အထက်ဆည်ကရေလွှတ်တဲ့အခါ ကမ်းပြည့်ကမ်းလျှံ ရေများတတ်ပါတယ်။ တစ်ခါတစ်လေ ဖြတ်လမ်းအတိုင်း တမျှော်တခေါ်ကြီး လျှောက်လာပြီးခါမှ ချောင်းကိုရောက်လို့ ရေလျှံနေတာတွေ့ရင် နောက်ကြောင်းပြန်လှည့်ရတဲ့အခါ ခရီးဟာ နီးလျက်နဲ့ဝေးသွားပြန်ရော။
    ချောင်းကိုကျော်ပြီး ရွာအ၀င်ဟာလည်း နည်းနည်းမတ်တဲ့ လမ်းဖြစ်တဲ့အတွက် မိုးလေးများရွာရင် ရွှံ့စေးမြေဟာ ပျော့ပြီးချော်တော့တာပါပဲ။ ပုဆိုးကို တိုတိုဝတ် ဖိနပ်ခါးကြားထိုးပြီး စာအုပ်တွေ အပြည့်နဲ့ လွယ်အိတ်ကို လက်တစ်ဖက်က ထိန်း၊ ကျန်တဲ့လက်တစ်ဖက်က နီးစပ်ရာ ဟိုသစ်ပင် ဒီသစ်ပင်ကို ကိုင်ပြီး ခပ်မတ်မတ် ရွှံ့လမ်းကို အဆင်းအတက် လုပ်ရတာကလည်း စိတ်ပျက်တတ်တဲ့သူအဖို့ဆိုရင် အင်မတန် စိတ်ပျက်စရာပါပဲ။
    အထက်တန်းကျောင်းကြီး ရောက်သွားတဲ့အခါ မိုးလုံလေလုံ သွပ်မိုးနဲ့ အုတ်အကာနဲ့ ကျောင်းဆောင်တွေမှာ စာသင်ရတယ် ဆိုပေတဲ့ မိုးတွေ သည်းရင်တော့ ငယ်ငယ်က ၀ါးကပ်မိုးကျောင်းမှာ တုန်းကလိုပဲ စာသင်ပျက်တာပါပဲ။ မိုးတွေ သည်းလာရင် သွပ်မိုးပေါ်ကျတဲ့ မိုးသံ တဗြောင်းဗြောင်းနဲ့မို့ ဆရာ သင်တာတွေ မကြားရတော့သလို မိုးပက်လို့ တံခါးတွေ ပြတင်းတွေ ပိတ်လိုက်ပြန်ရင်လည်း အခန်းက မှောင်သွားတာမို့ ဘယ်လောက်ပဲ အတန်းကြီးကြီး မိုးတွေသည်းလို့ စာသင်ပျက်ရင် ကျောင်းသားသဘာဝ ပျော်တာပါပဲ။
    မိုးဦးလေးဦးမှာဆိုရင် ကျောင်းမှာသာမက အိမ်မှာလည်း ပွဲပျက်တာပါပဲ။ သက်ကယ်ဟာ တစ်ခါမိုးထားရင် နှစ်နှစ် သုံးနှစ် ခံတယ် ဆိုပေတဲ့ စ မိုးတဲ့နှစ်လောက်ပဲ ကောင်းကောင်းလုံပြီး နောက်နှစ်တွေဆို ဟိုနေရာပေါက် ဒီနေရာယိုနဲ့ ။ မိုးရွာတယ်ဆိုရင် အိမ်ပေါ်မှာ ကောင်းကောင်း နေရတယ် မရှိပါဘူး။ စာအုပ်တွေ နေရာရွှေ့ ဗီရိုကို မိုးကာနဲ့အုပ် အပေါက်ကို တက်ဖာနဲ့ ရှုပ်ရှက်ကို ခတ်သွားတာပဲ။ ညအခါ မိုးလည်းရွာ မီးလည်းပျက်ဆိုရင် ကျွန်တော်တို့လည်း ငြိမ်ငြိမ်ကို မအိပ်ရတော့ပါဘူး။ ဒါကြောင့် မိုးရွာတော့မယ့် အရိပ်အယောင် မြင်ရ ကြားရတာနဲ့ ကျွန်တော်တို့ မောင်နှမ တတွေဟာ စစ်ကြေငြာခံရတဲ့တိုင်းပြည် စစ်တိုက်ဖို့ပြင်သလို ရေဇလုံတွေ ရေခွက်တွေ ရေပုံးတွေ အသင့်လုပ်၊ မိုးကာတွေထုတ်၊ ရွှေ့စရာရှိတာရွှေ့နဲ့ အကျင့်ကို ဖြစ်နေတော့တာ။ ဒါကြောင့် ငယ်ဘ၀လေးဟာ ဘယ်လောက်ပဲ ပျော်စရာကောင်းတယ် ပြောပြော ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ မိုးဦးလေဦး ငယ်ဘ၀ကိုတော့ နောင်ဘ၀ဆက်တိုင်း ဘယ်တော့မှ မကြုံပါရစေနဲ့လို့ ဆုတောင်းပါတယ်။ (၁-၇-၂၀၀၈)

Saturday, 10 May 2008

လွမ်းပျော်

လွမ်းပျော်

           ရပ်ဓလေ့ ရွာဓလေ့ နေအိမ်မှ သုဿန်သို့ ပို့ဆောင်ကြသော အချိန်တွင် သေသူ၏ နောက်ဆုံး ခရီးမို့ ကျန်ခဲ့သူ မိသားတစ်စုနှင့် ဆွေမျိုးသားချင်း မိတ်ဆွေ သင်္ဂဟတို့က မပို့ချင်ပါဘဲလျက် မသွားစေလိုသည့် အရပ်ကို ကိုယ်တိုင် ထမ်းပို့ကြရသည်။ လှပစွာ ဆင်ယင်ထားသော ပန်းတွေနှင့် ဝေနေတတ်သော ထမ်းစင် သို့မဟုတ် လှည်းဘီး စင်ပေါ်တွင် နောက်ဆုံးခရီးကို လျှောက်လှမ်းနေသူအတွက် မလုပ်ပေးလိုက် နိုင်ခဲ့သည်များကို တမြေ့မြေ့ အောက်မေ့ ပူဆွေး ကြရသည်။ အရင်းအချာများ၏ သောကမီးသည် တငွေ့ငွေ့ တောက်လောင်လေရာ မခံနိုင်လွန်းသောအခါ ရင်ထဲက ဆန္ဒတို့ကို ဖွင့်ထုတ်လိုက်ကြသည်။
ဆေးခန်း သွားမယ်ဟေ့
ရွာမှာမွေး ရွာမှာကြီးပြီး ဆရာဝန်ဖြစ်တော့လည်း ရွာမှာဘဲပြန်ပြီး ဆေးခန်းဖွင့်တဲ့ ဒေါက်တာ ခင်ဌေးဝင်းရဲ့ အသံကြောင့် တငြိမ့်ငြိမ့် သွားနေတဲ့ အလောင်းစင်တင် လှည်းကြီးဟာ တုန့်ကနဲ ရပ်သွားပြီးနောက် သတိဝင်လာတဲ့ လူငယ် လူရွယ်တို့ဟာ အလောင်းစင်ကို ဆေးခန်းရှိရာဘက်ဆီ နောက်ကြောင်းပြန် တွန်းကြပါတော့တယ်။ အလောင်းလှည်းနောက်မှာ တိတ်ဆိတ်စွာ လိုက်ပါလာကြတဲ့ လူကြီးသူမတွေ သေသူရဲ့ မိကြီး ဖကြီး ဦးကြီး ဒေါ်ကြီးတွေရဲ့ တဟဲ့ဟဲ့နဲ့ အော်ဟစ် တားမြစ်သံတွေဟာ လူငယ်တွေရဲ့ စိတ်ဇောအဟုန်ကို ဘယ်လိုမှ မတားဆီးနိုင် ခဲ့ပါဘူး။ ဗေ .. ဗေ .. ဗေ .ဗေ. ထီ….. ဆိုတဲ့ အသုဘပို့ ဆိုင်းသံဟာ တမုဟုတ်ချင်းမှာဘဲ ဗေထီ . ဗေထီ . ဗေထီ . ဗေထီ … ဆိုပြီး ပတ်ကြမ်းတိုက်တဲ့ တီးလုံးအဖြစ် ပြောင်းလဲ သွားခြင်းက လူငယ်တွေရဲ့ ပွင့်ထွက်လာတဲ့ စိတ်တွေကို မီးလောင်ရာ လေပင့်လိုက် သလိုပါပဲ။
အဲသည်လိုနဲ့ အလောင်းလှည်းကြီးဟာ ရွာထဲမှာဘဲ လူးလား ခေါက်ပြန် ဟိုပြေး သည်ပြေး ပြေးနေရ ပါတော့တယ်။
ဘိလိယက်ခုံကို သွားမယ်ဟေ့
သေသူနဲ့ ဘိလိယက် ထိုးဖော် ထိုးဖက်တွေက သူတို့နဲ့အတူ မကစားရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ဘိလိယက်ခုံဘက် ခေါ်သွားကြပြန်တယ်။
မကြွက် မုန့်ဟင်းခါး သွားစားရအောင်ဟေ့
မသေခင်က အလွန် စားချင်ခဲ့လှတဲ့ မကြွက်မရဲ့ မုန့်ဟင်းခါးဆိုင်ဘက်ကို အခုတော့ ရုပ်ကလာပ် အဖြစ်နဲ့ ရောက်သွားရ ပြန်ပါပြီ။
ဘောလုံးပွဲ ကြည့်ချင်လို့တဲ့ဟေ့
ကျန်းမာရေး မကောင်းလို့ မကြည့်ရတာ ကြာပြီဖြစ်တဲ့ ဘောလုံးပွဲ၊ အရူးအမူး စွဲလမ်းခဲ့ရတဲ့ ဘောလုံးပွဲတွေ ပြသရာ ငြိမ်းချမ်းသာ ဗီဒီယို ရုံဘက်ကိုလည်း အလည်တစ်ခေါက် ပို့ပေးကြပြန်ပါတယ်။
ဘုန်းကြီးကျောင်းကို သွားဦးမယ်တဲ့ဟေ့
နေကောင်းရင်တော့ သင်္ကန်းလေး စည်းလိုက်ချင်သေးတာလို့ မသေခင်က တဖွဖွ ပြောခဲ့တဲ့ သေသူရဲ့ ဆန္ဒကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးကြပြန်ပါတယ်။
          အလောင်းလှည်းကြီးဟာ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ရှေ့ပိုင်းနဲ့ နောက်ပိုင်း အားပြိုင်တွန်းကြ အားပြိုင်ဆွဲကြလို့ အားချင်းမျှနေတဲ့အခါ လမ်းပေါ်မှာ တန့်ပြီး ရပ်နေလိုက်နဲ့။ ညီအစ်ကို မောင်နှမတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေဟာ လူကြီးသူမတွေ တဟဲ့ဟဲ့နဲ့ ကြိမ်မောင်း ရိုက်နှက်နေတဲ့ ကြားကပဲ သူတို့ရဲ့ သွားလေသူကြီး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ကြိုးစားရင်း ခြေကုန် လက်ပန်းကျလာတဲ့ အခါမှပဲ အလောင်းလှည်းကြီးဟာ သုဿန်ကို ရောက်ပါတော့တယ်။
သုဿန် ဇရပ်မှာ စောစောတည်းက ရောက်နှင့် စောင့်ဆိုင်းနေတဲ့ သံဃာတော်နဲ့ ပရိသတ်ဟာ သေသူမိသားစု နေရာယူပြီးချိန်မှာ သရဏဂုံတင်ဖို့ ပြင်ဆင်ကြပါတယ်။
မောင်လေးရေ တရားနာရအောင်ဟေ့ လာ လာ မမနားမှာ ထိုင်
တကယ့် သက်ရှိထင်ရှား မောင်ငယ်တစ်ယောက်ကို ခေါ်သလို လှမ်းခေါ်ပြီး သူ့ဘေးမှာ ချဲထားတဲ့ နေရာလေးမှာ ထိုင်ဖို့ လက်နဲ့ ပုတ်ပြတဲ့ အစ်မကြီး ဖြစ်သူမှာလည်း မျက်ရည်စတွေနဲ့။ အမျှအတန်း ဝေပြီးတဲ့ အချိန်မှာဘဲ ရုပ်အလောင်းထည့်ထားတဲ့ အခေါင်းကို မီးသင်္ဂြုဟ်ဖို့ ပြင်ဆင်ထားတဲ့ ထင်းပုံပေါ်ကို သယ်သွားကြတယ်။ ထုံးစံအရ အခေါင်းကို မှောက်ချလိုက်ပြီး ရုပ်အလောင်းကို ထင်းပုံပေါ် တင်ချလိုက်တဲ့အခါ အမေဖြစ်သူက ဖြည်းဖြည်း ဖြည်းဖြည်း လုပ်ကြပါလို့ ပြောရှာတယ်။ ခံစားမှု မရှိတော့မှန်း သိပေမယ့် သူ တစ်သက်လုံး စောင့်ရှောက် ပြုစုခဲ့ရတဲ့ သားကလေး နာရှာမှာ စိုးလို့ ထင်ပါရဲ့။
မီး စရှို့တဲ့အချိန် တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်တွေကြားမှာ လောကကြီးထဲက အပြီးထွက်သွားတော့မယ့် ညီငယ်ကို အစ်ကိုကြီး ဖြစ်သူက နှုတ်ဆက်တယ်။
. . . ညီညီရေ . . . မင်း သွားချင်တာတွေအကုန် အစ်ကိုကြီး ပို့ပေးခဲ့ပြီးပြီ
အခု မင်း ဘယ်သွားချင်သေးတုန်း ညီညီရဲ့ . . .
ငိုကြီးချက်မနဲ့ ဟစ်လိုက်ပြီးနောက် မျက်နှာကို အုပ်ကာ ဒူးထောက် ထိုင်ချလိုက်တဲ့ အစ်ကိုကြီးကို သူ့သူငယ်ချင်းတွေက လာပြီး ဖေးကူကြတယ်။
. . . ညီညီရေ . . . အဲသည်မှာ ပူပါတယ်ကွယ့် . . . ဒီနား လာနေပါ ငါ့တူလေးရဲ့ . . .
အသင့် သွေးယူလာခဲ့တဲ့ နံ့သာဖြူ ကရမက် ခွက်လေးထဲမှာ အပြေခက်လေး စိုက်ပြီး မီးပုံကြားထဲက တူမောင်လေးကို အေးလိုအေးငြား သပြေခက်လေးနဲ့ ပက်ပက်ပြီး ဒေါလေး ဖြစ်သူက ခေါ်ရှာတယ်။
အခက်အခဲတွေ ကြားကနေ သူပြန်လာချင်လွန်းလှတဲ့ သူ့မွေးရပ်မြေကို ရောက်အောင် ပို့ပေးပြီး ရွာပြင် သုဿန်မှာ မီးသင်္ဂြုဟ်ပြီးတဲ့အခါ သူ့မီးခိုးတွေ ဘယ်ကို သွားသလဲ ကြည့်ပါတယ်။
ဟော . . . မီးခိုးတွေဟာ တလိမ့်လိမ့်နဲ့ ရွာပေါ်မှ ၀ဲလို့ပါလား


( ဆယ်လလောက် မကျန်းမမာ ဖြစ်ပြီး အိပ်ယာပေါ် လဲနေခဲ့သော ကျွန်တော့် ညီအလတ် ညီညီသည် ၉-၅-၂၀၀၈ သောကြာနေ့ ည ၇း၀၀ နာရီခန့်တွင် ဆုံးပါးသွားခဲ့ပါသည်။ မျှော်လင့်စရာမရှိတော့သော သူ၏အခြေအနေကို ကြည့်ပြီး ထိုနေ့ မနက် ကိုးနာရီလောက် ကတည်းက ကျွန်တော့်ကို အိမ်က လှမ်းခေါ်ပါသော်လည်း ခွင့်ပြုချက် မရ၍ မသွားနိုင်ခဲ့ပဲ သူ ဆုံးသွားကြောင်း နောက်ဆုံး သတင်း ရောက်လာသော အချိန်ကျမှ တစ်ခါတည်း ခွင့်တင်၍ အိမ်ပြန်ရပါသည်။
အိမ်ရောက်သောအခါ အမေ အစ်မ နှစ်ယောက်နှင့် တူမလေး တစ်ယောက်သာရှိပြီး ငိုသံများ ကြားမှသာ ဘေးအိမ်များက သိရှိပြီး လာရောက်ကြကြောင်း ပြောပါသည်။ အစ်ကိုကြီး မလာသေးဘူးလားနဲ့ တမေးတည်းမေးပြီး ကျွန်တော့်ကို စောင့်နေသေးကြောင်း ပြောကာ အမေ တို့က ဆီးပြီး ငိုပါသည်။ ကျွန်တော်ရောက်ပြီး သိပ်မကြာမီမှာပင် ရေဆင်းမှ ဦးလေးမြင့် ပိုင်ပိုင်နှင့် ကိုဇော်နိုင်တို့ ရောက်လာကြပါသည်။
သူ၏ နောက်ဆုံး နေ့ရက်များတွင် ရွာကို ပြန်ချင်လွန်းသဖြင့် တတမ်းတတ လုပ်နေသော သူ၏ဆန္ဒကို ဖြည့်ဆည်းသော အားဖြင့် ရွာတွင် သွားရောက် သင်္ဂြုဟ်ပေးခဲ့ပါသည်။
ကျွန်တော်တို့ရုံးက ကားတစ်စီး ကကကွန်က ကားတစ်စီး အလောင်းတင် ကားတစ်စီးနှင့် ရွာပြန်ကြသော သူ၏ နောက်ဆုံးအိမ်ပြန်ခရီးသည် ကြေကွဲ ၀မ်းနည်းစရာ အတိ ဖြစ်ပါသည်။ ရွာအ၀င်တွင် လာရောက်စောင့်ကြိုနေသူများက အိမ်တွင် ပြင်ဆင်ထားကြောင်း ပြောသဖြင့် အိမ်သို့ သွား၍ အလောင်းကို ကားပေါ်မှ ချကာ ဆွေမျိုးများက ၀ိုင်းဝန်း ငိုကြွေး ကြပါသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မဲပေးပြီး ယူနီဖောင်းတောင် မလဲခိုင်းဘဲ ခေါ်လာရသော စည်သူဟိန်း၊ ဘုန်းမော်ထွန်း၊ ရဲခေါင်၊ နိုင်လင်းထိုက်၊ ထွန်းအောင်ဇော်၊ ကံဇော်နိုင်စိုး၊ ဇေယျာလင်း၊ အေးခိုင်စိုး၊ ထွန်းလင်းနိုင်၊ ဇော်နိုင်ဝင်း၊ စိုးပိုင်နှင့် ဟန်လင်းဇော် တို့ ကို ကျေးဇူး တင်ပါသည်။ သူတို့တွေ ပါလာလို့လည်း ညီညီ့အလောင်းသည် အေးဆေးညင်သာစွာဖြင့် သုဿန်သို့ သွားရခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ညီညီ့အလောင်းကို ကစားပါရစေ ကြီးကြီးရာ၊ သူကလည်း လူပျိုလေးမို့ ကျွန်တော်တို့မှာ လွမ်းလည်းလွမ်း ပျော်လည်းပျော်ရ လွမ်းပျော်လေးအနေနဲ့ ခွင့်ပြုပါဟု ရွာက ကာလသားများ၏ အမေ့ထံ လာရောက် ခွင့်ပန်ချက်ကို သဘောပင် မတူငြားသော်လည်း သည်အတိုင်း ကြည့်နေရတော့မည် ဖြစ်သည်။
အဆောင်အယောင် ပကာသနများ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းများကြားတွင် ပျော်တတ်သော ညီညီတစ်ယောက် ဆွေတွေမျိုးတွေကြားမှာ မသေရသော်လည်း ဆွေတွေမျိုးတွေ သူငယ်ချင်းတွေနဲ့ စည်စည်ကားကားကြီး နောက်ဆုံးခရီးကို ချီတက်ရတာတော့ ကျေနပ်နိုင်လိမ့်မည် ထင်ပါသည်။)
( ၁၀-၅-၂၀၀၈)