ဖုန်းလာမှာကြောက်တယ်
ဤရုံးတွင်နေစဉ် ကျွန်တော် ၀န်အလေးဆုံး အရာများထဲမှ တစ်ခုမှာ ဖုန်းဖြေရခြင်းဖြစ်သည်။ သူစိမ်း သူကျက် ခင်မင်ရင်းနှီးသူ သူငယ်ချင်း မိတ်ဆွေ ဆွေမျိုး ဆွေမျိုး၏ အသိများ သူငယ်ချင်း၏ အသိများ နောင်တော် ညီငယ်နှင့် ၎င်းတို့၏ အသိများ စသည်ဖြင့် လူစုံလှသည်။ သူတို့၏ သို့မဟုတ် သူတို့ ပတ်သက်သူများ၏ ရာထူး တိုးတက်ရေး ပြောင်းရွှေ့ရေး ကိစ္စများကို မေးမြန်းခြင်း ဖြစ်သည်။ တည့်တည့်တစ်မျိုး သွယ်ဝိုက်၍တစ်ဖုံ မေးကြမြန်းကြသော အမေးအမြန်းတွေက စုံလှသည်။
ထိုသို့ ၀န်လေးလှသော တယ်လီဖုန်း မေးခွန်းများကို မဖြေချင်ဘဲဖြေ မပြောချင်ဘဲ ပြောရခြင်းမှာ နံပါတ်တစ်အချက်ကတော့ မိတ်မပျက်လိုခြင်းကြောင့် ဖြစ်သည်။ တာဝန်ထမ်းဆောင်ရင် သင်တန်းတက်ရင်း နယ်တကာလှည့်ရင်း အတိုင်းအတာ ပေါင်းစုံဖြင့် ရင်းနှီးခဲ့ကြသူများသည် သူတို့၏ အသိတစ်ဦး သည်လိုနေရာ ရောက်သည်ကို ၀မ်းမြောက်ဝမ်းသာ ရှိကြသည်။ ကိုယ်တိုင် ၀မ်းမြောက်နိုင်ရုံနှင့် မတင်းတိမ်နိုင်ရကား မိတ်ဆွေ သူငယ်ချင်း မိသားစုများကိုပါ ၀မ်းသာလှိုက်လှဲ ပြောမိလေသောအခါ ထိုထိုသော တစ်ဆင့်စကား ကြားဖူးနားဝ ရှိသူတို့ကလည်း ဖုန်းနံပါတ်လေးကို လိုကာမယ်ကာ ယူထားပြီး သကာလ ဖုန်းတဂွမ်ဂွမ် ဆက်လေတော့၏။ ကျွန်တော်တို့မှာ ပြောပြန်ရင်လည်း အခက် မပြောပြန်ရင်လည်း အခက်မို့။ ဒီကောင်က ကြီးကျယ်သွားပြီ တို့ကိုတောင် စကားကောင်းကောင်း မပြောတော့ဘူး ဆိုသည့် အပြောမျိုး၊ ဒီကောင် သည်နေရာ ရောက်တာနဲ့ အချိုးတွေ ပြောင်းသွားပါလား ဆိုသည့် အပြောမျိုး၊ အဲသည်ကောင် သွားမေးမနေနဲ့ လေကုန်ရုံပဲရှိမယ် ဆိုသည့် အပြောမျိုးတို့လည်း ကြောက်ရွှံ့ရကား လာသမျှဖုန်းတွေကို ဒိုင်ခံ ဖြေကြားရပါလေ၏။
နံပါတ်နှစ် အချက်ကတော့ သူတိုတွေကို ကိုယ်ချင်း စာနာစိတ်နှင့် ပြောခြင်း ဖြစ်သည်။ သူ့ခမျာ အားကိုးရှာလို့ ဆက်ပေတာပဲ၊ ငါ့မမေးလဲ ဘယ်သူ့သွားမေးမလဲ၊ ရေငတ်တဲ့သူ ရေဗူးလေး လှုပ်ပြသလို စကားလေးနဲ့ဖြစ်ဖြစ် နှစ်သိမ့်လိုက်ရင် နည်းနည်း စိတ်အဆာပြေလေးများ ဖြစ်သွားလေမလား။ စောင့်ရှောက်ပါဦး ညီလေးရယ်။ စောင့်ရှောက်ပါဦး အစ်ကိုကြီးရယ်။ မင်းညီလေးကို စောင့်ရှောက်ပေးပါ သားရယ်။ မင်းအစ်ကိုကြီးကို ကြည့်ရှုပါဦး ငါ့မောင်ရယ်။ မင်းသူငယ်ချင်းကတော့ မင်းဘဲ အားကိုးရမှဘဲ ငါ့တူ။ စသော စိတ်ထဲက ပါပါ မပါပါ ရိုကျိုးနှိမ့်ချစွာ ပြောလာကြတာ တွေကို ဘယ်လို နှလုံးသားမျိုးနဲ့ ပစ်ပစ်ခါခါ ပြောရမလဲ စဉ်းစားနေတုန်း။
ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများပေမို့ စကားတွေ ပြောရတာ အရသာ ရှိမှာ ဖြစ်ပေမယ့် ကိုယ်နဲ့ မရင်းနှီး အကျွမ်းတ၀င် မရှိသူ တစ်ယောက်နှင့် စကားရော ဖောရော လုပ်ရတာလောက် စိတ်ပင်ပန်းတာ မရှိ။ ကိုယ်နဲ့ တစ်ခါမှလည်း မတွေ့ဖူး နာမည်မျှပင် မကြားဖူးသူ တစ်ယောက်က သူ့ကိုယ်သူ မိတ်ဆက်ပြီး ဘယ်သူက အစ်ကိုကြီး ဖုန်းနံပါတ် ပေးလိုက်လို့ လှမ်းမေးကြည့်တာပါ ပြောလျှင် ထို ဖုန်းနံပါတ် ပေးသူကို ( ကိုယ်နဲ့ ရွယ်တူ ငယ်သူဖြစ်လျှင် ) နားရင်းတွေသာ လှိမ့်လှိမ့် ရိုက်ပစ်ချင်လှသည်။ ( ကိုယ့်ထက် ကြီးသူ ဆိုရင်တော့ ) နောင်များတော့ သည်လို လျှောက် မပေးလိုက်ပါနဲ့ဗျာ ဆိုပြီး အုန်းငှက်ပျောပွဲလေး ရှေ့ချကာ တောင်းတောင်းပန်ပန် ကန်တော့လိုက်ချင်သည်။
ကျွန်တော်တို့ဆီက သတင်း အချက်အလက်များမှာ တရားဝင် မထုတ်ပြန်သရွေ့ ပေါက်ကြားခွင့် မရှိသည် ဖြစ်ရာ အများစုကတော့ သည်အချက်ကို အဘောပေါက်သဖြင့် အမေးအမြန်း မထူလှသော်လည်း တစ်ချို့ကတော့ တော်တော် အလိုက်ကန်းဆိုး မသိဆိုရင် ကျွန်တော် အာကြမ်းရာ ကျမည် ထင်ပါသည်။ ယဉ်ကျေးသမှုနှင့် သူပြောတာလေးကို အလိုက်အထိုက် လိုက်လိုက်ပြောရင်းက သကောင့်သားက ကမ်းတက်လာ သောအခါ အားနာနာနှင့်ပင် ခေါ်နေပြီ သွားလိုက်ဦးမယ် ဆိုကာ ဇွတ် ဖုန်းချ ပစ်လိုက်ရသောဟူ၏။
အမိန့်တစ်ခု ထွက်ပြီ ဆိုပါတော့။ ပြောခွင့်ရှိသည့် အချိန်ရောက်၍ ပြောပြရမည် ဆိုလျှင်ပင် တစ်လက်မ ထုလောက်ရှိသော ထိုအမိန့် တစ်ထပ်ကြီးကို အနုလုံ ပဋိလုံ အစုံအဆန် လှန်လှောကာ မောင်မင်းကြီးသားများ၏ နာမည်ကို ရှာပေးရလေသည်။ ရှေ့ပိုင်း စာမျက်နှာများမှာ သူတို့နာမည်တွေ့လျှင် သက်သာပြီလို့ အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ မတွေ့များ မတွေ့လို့ကတော့ ငါများ မျက်စိ လျှမ်းလေသလားဆိုပြီး နောက်တစ်ခါ ထပ်ရှာ။ ခေါင်းနောက်လှသည်။ ဒါတွင် မကသေး။ အမေး နွားကျောင်းသားထုံး နှလုံးမူထားသော ထို အမျိုးကောင်းသားက သူ့အတွက်တွင်မက သူ၏ မိတ်ဆွေ ရောင်းရင်းတွေ အတွက်ပါ အဆစ်မေးလိုက်သေးသည်။ ရှာပါလေဦးတော့၊ မျက်စိ မွဲအောင် ရှာပေးပါလေဦးတော့။
တစ်ခါတစ်လေ ကျတော့လည်း အဲသလောက်ပဲ မေးတာကို ကျေးဇူးတင်ရမလိုလို။ တစ်ချို့က မေးတတ်လွန်းသည်။ အခု အမိန့်ထဲမှာတဲ့ ကျွန်တော်တို့ အပတ်စဉ်က ဘယ်နှယောက်လောက် ပါသလဲတဲ့။ အနှီ ကျွန်တော်တို့ အပတ်စဉ် ဆိုတာတွေကို လိုက်ရေတွက်ပြရသည်။ ပြီးပြီလား မပြီးသေး။ ဘယ်နေရာတွေ ရောက်ကြတုန်းတဲ့။ ဖတ်ပြရသေးသည် တစ်ခါ။ ဟိုကောင်က ဘာလို့ အဲသည် နေရာ ရောက်ရတာလဲ တို့၊ အခု မပါသေးတဲ့သူတွေက ဘယ်တော့လောက် ဖြစ်မလဲတို့ မေးလာရင်တော့ နည်းနည်း လွန်လာပြီ ဆိုရပေလိမ့်မည်။
သည့်ထက်ဆိုးတာက ဘယ်သူ ဘယ်ဝါကဖြင့် ဘယ်တပ်ကို ပြောင်းချင်လို့ ၊ ရောက်သွားဖို့သာ အဓိကပါ၊ ဘယ်လောက် ကုန်ကုန် ဆိုတာမျိုးတွေ ဖြစ်သည်။ သူတို့မို့လို့ အားမနာ လျှာမကြိုး၊ မြွေမကြောက် ကင်းမကြောက်၊ ဖုန်းထဲမှာ ပြောရဲသည်။ အဲသလို ပြောလို့ ကျွန်တော်က ဘု ပြန်တောလျှင် ဘယ်သူ လွန်ပါသနည်း။
ဤရုံးတွင်နေစဉ် ကျွန်တော် ၀န်အလေးဆုံး အရာများထဲမှ တစ်ခုမှာ ဖုန်းဖြေရခြင်းဖြစ်သည်။ (၁၂-၇-၂၀၀၈)
No comments:
Post a Comment