Tuesday, 12 May 2009

မုန့်ဖိုး

ကျွန်တော် သူငယ်တန်း တစ်တန်း နှစ်တန်းတုန်းက တစ်နေ့ကို မုန့်ဖိုး သုံးဆယ့်ငါးပြားတိတိ ရပါသည်။ အိမ်ကနေ ငါးမိနစ်လောက် လမ်းလျှောက်လျှင် ရောက်သော မူလတန်းကျောင်းသားလေးကို အိမ်က မနက်ပိုင်း ဆယ့်ငါးပြား နေ့ခင်းပိုင်း တစ်မတ် (နှစ်ဆယ့်ငါးပြား) မုန့်ဖိုး မှန်မှန်ပေးပါသည်။ ငါးပြားစေ့မှ တစ်မတ်စေ့များထိ ကံစမ်းမဲ ထည့်ထားသော ကပ်စီးတုတ်ထိုး တစ်ခုလျှင် ငါးပြားဖြစ်ပြီး ဆယ်ပြားဖိုး သင်္ဘောသီးသုပ် ဝယ်စားလို့ရသော ခေတ်တွင် ကျွန်တော်ရသော တစ်ရက် သုံးဆယ့်ငါးပြား မုန့်ဖိုးမှာ လူရာဝင်ပါသည်။
ကျွန်တော်တို့ မူလတန်းတုန်းက မုန့်ဖိုး အများဆုံးရသူများမှာ ကိုမျိုး ကိုစိုး တရုတ်မ တို့ မောင်နှမ တစ်တွေ ဖြစ်ပါသည်။ ဒေါ်သန်း ထမင်းဆိုင်ပိုင်ရှင် အဖွား ဒေါ်သန်း၏ မြေးများဖြစ်သော ကိုမျိုးတို့ ကိုစိုးတို့မှာ မုန့်ဖိုးတောင်းစရာ အဒေါ်တွေ အားကျစရာကောင်းလောက်အောင် အများကြီး ရှိပါသည်။ ရှိသော အဒေါ်များကလည်း ငွေရွှင်သူများမို့ သူတို့ လက်ဖြန့်တိုင်း ပေးနိုင်ကြသူများ ဖြစ်လေရာ သူတို့မှာ တစ်နေ့ကို မုန့်ဖိုး တစ်ကျပ်ခွဲခန့် ရကြရာ ကျွန်တော်တို့ ကျောင်းမှာတော့ တကယ့်ကို သူဌေးလေးများသဖွယ် သုံးနိုင်စားနိင်ကြပါသည်။ ဒုတိယ မုန့်ဖိုးအများကြီး ရသူများမှာ ကိုအောင်မြင့်ဦးတို့ ညီအစ်ကိုတစ်တွေ ဖြစ်ပါသည်။ ကျွန်တော်တို့ တစ်နေ့ တစ်မတ်ရချိန်တွင် သူတို့ ညီအစ်ကို တစ်နေ့ကို ငါးမူး (ပြားငါးဆယ်) ရရာ တော်တော်များသော မုန့်ဖိုးဟု ဆိုနိုင်ပါသည်။
သုံးတန်း လေးတန်း ရောက်သောအခါ မနက်ပိုင်းယူနေကျ ဆယ့်ငါးပြား မယူတော့ဘဲ နေ့ခင်းပိုင်း တစ်မတ်သာ ယူပါတော့သည်။ ကျွန်တော်က မယူတာလား အိမ်က မပေးတာလား မမှတ်မိတော့ပါ။ စပ်မိ၍ ပြောရလျှင် အိမ်က မုန့်ဖိုး သတ်သတ်မှတ်မှတ် ပေးသော်လည်း ကျွန်တော်တို့ သုံးလိုပါက မုန့်ဖိုး ကြိုက်သလောက် သုံးခွင့်ရထားပါသည်။ ခြံထွက် မာကလာသီး ဇီးသီးများကို ကျောင်းသို့ ယူသွားပြီး ရောင်းလျှင် တစ်နေ့ နှစ်ကျပ်မှ သုံးကျပ်ခွဲ တစ်ခါတစ်ရံ ငါးကျပ်အထိ ရတတ်သော ဝင်ငွေများကို ကျွန်တော်တို့ ညီအစ်ကိုတစ်တွေက စာရင်းနှင့်တကွ အတိအကျ အိမ်ကို အပ်ပါသည်။ စာရင်းနှင့်တကွ အတိအကျ အပ်သည် ဆိုခြင်းမှာ ဇီးသီး ရောင်းရတာက သုံးကျပ်နဲ့ ဆယ်ပြား။ ကျွန်တော်က မုန့်ဖိုးတစ်မတ်ယူတော့ နှစ်ကျပ်ရှစ်ဆယ့်ငါးပြား ရော့ ဆိုပြီး ပေးခြင်းဖြစ်ပါသည်။ အမေက အေးပါ ငါ့သားရယ် ငါ့သား ရောင်းလို့ရတာ ဘယ်လောက်သုံးသုံးပေါ့ဟု ပြောသော်လည်း သတ်မှတ် မုန့်ဖိုး တစ်မတ်ထက် ဘယ်တုန်းကမှ ပိုမသုံးမိခဲ့၊ တကယ်တော့ ပိုသုံးရကောင်းမှန်းကို မသိခဲ့ပေ။ ကျွန်တော် ဘယ်လောက်ဖိုးပဲ ရောင်းရ ရောင်းရ၊ ကျွန်တော်နှင့်ဆိုင်တာ တစ်မတ်ဆိုသည်ကိုသာ သိနေပြီး ထို တစ်မတ်က လွဲလျှင် ကျန်တာ အိမ်က ပိုက်ဆံဟု သိနေခဲ့သောကြောင့် ဖြစ်ပါသည်။
ကျွန်တော်တို့အိမ်၏ အနောက်ဖက် သာဝတ္ထိရွာကြီးတွင် အထက်တန်းကျောင်း ဘောလုံးကွင်း တစ်ကွင်းရှိရာ လွတ်လပ်ရေးနေ့ စသည့် နေ့ထူးနေ့မြတ်များတွင် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများ ထိုကွင်းကြီးထဲတွင် လုပ်လေ့ရှိပါသည်။ ထိုသို့သော ပွဲမျိုးရှိလျှင် အဖေက အိပ်ကပ်ထဲ ငါးကျပ်တန်သည် ထည့်ပေးပြီး သွားစေပါသည်။ ကျွန်တော်တို့ ညီအစ်ကိုတွေအတွက် ငါးကျပ်ဆိုသော ပိုက်ဆံသည် မာလကာသီး ဇီးသီးများ အင်မတန် ရောင်းကောင်းမှသာ ရတတ်သော ပိုက်ဆံအတိုင်းအတာမှန်း နားလည်ထားပြီးသည့် အားလျော်စွာ အိမ်က ထည့်ပေးလိုက်သည့် ပိုက်ဆံ ငါးကျပ်တန်ကို ဘယ်တုန်းကမှ ကုန်အောင် သုံးခဲ့လေ့မရှိပဲ အိမ်ပြန်ရောက်လျှင် ဘာဝယ်စားတာက ဘယ်လောက်၊ ဘာဝယ်တာက ဘယ်လောက် စသည်ဖြင့် စာရင်းတွက်ပြီး ပြန်အပ်မြဲ ဖြစ်ပါသည်။
အိမ်ကို ရံဖန်ရံခါ လာလည်တတ်သော မြို့က အစ်မဝမ်းကွဲများ ဒေါ်ကြီး များလာလျှင် ကျွန်တော်တို့ တိတ်တိတ် လုပ်လေ့ရှိသော အလုပ်မှာ မုန့်ဖိုးတောင်းခြင်း ဖြစ်ပါသည်။ အိမ်ကလည်း သူများဆီက မုန့်ဖိုးတောင်းသည်ကို မကြိုက်မှန်း သိ၍ တိတ်တိတ်သာ တောင်းပါသည်။ ရလာသော အခါတွင်လည်း ချက်ချင်း မုန့်ပြေးဝယ်စားတာမျိုး မလုပ်ပဲ သိမ်းထားလေ့ရှိပါသည်။ ကျွန်တော်တို့သည် ပိုက်ဆံစုလည်း စုတတ်ပါသည်။ ပလတ်စတစ် ဒန်အိုးဒန်ခွက်ဝယ်သော ကုလားကို အမှိုက်တွေ စုရောင်းပြီး ရသော ပိုက်ဆံ။ မြို့က ဦးလေးလာတုန်းက ပေးသော ပိုက်ဆံ စသည်တို့ကို မတည်ပြီး စုဆောင်းတတ်ပါသေးသည်။
လေးတန်းအောင်ပြီး ငါးတန်းကို အထက်တန်းကျောင်းတွင် သွားတက်ရပါသည်။ ငါးတန်းရောက်သောအခါ မုန့်ဖိုး တစ်နေ့တစ်ကျပ်ရပါသည်။ ထိုတစ်ကျပ်က ဒေါ်သန်းလှ မုန့်ဟင်းခါး တစ်ပွဲ စားလို့ရပါသည်။ ဈေးထဲတွင်ရောင်းသော ကျောက်ကျော ဆနွင်းမကင်း ငှက်ပျောပေါင်း စသည်တို့ကို အရသာရှိရှိစားချင်သော ကျွန်တော်က တစ်နေ့တစ်ကျပ်ရသော မုန့်ဖိုးကို အမေ့ကို ပြန်အပ်ထားပြီး ငါးရက်တစ်ဈေး ဈေးနေ့တိုင်းတွင် ငါးကျပ်ဖိုး ဝယ်ခိုင်းပါသည်။ တစ်နေ့တစ်ကျပ်ကိုလည်း ငါးတန်း ခြောက်တန်းအထိလောက်သာ ယူပြီး နောက်ပိုင်း မယူတော့ပါ။ အိမ်က စီးပွားရေး အဆင်မပြေတာကို သိလို့ မယူတာလား ဘာလား သေချာ မမှတ်မိတော့ပါ။
အင်္ဂလိပ်စာသင်သော ဆရာကြီး ဦးလှိုင်ပေးသော မုန့်ဖိုး ငါးကျပ်ကို ဆယ်တန်းတုန်းက ရဖူးပါသည်။ တိုက်ရိုက်ပြောသော ဝါကျကို သွယ်ဝိုက်ပြောသောဝါကျသို့ စသည်ဖြင့် အပြန်အလှန် ပြောင်းရေးရသော သင်ခန်းစာ တစ်ခုတွင် ပထမဆုံးပြီးသူအား မုန့်ဖိုး ငါးကျပ်ပေးမည်ဖြစ်ပြီး ကျောင်းလည်း ချက်ချင်း ဆင်းပေးမည်ဟုပြောသည့်အတိုင်း ကျွန်တော်က ပထမဆုံးလည်းပြီး မှန်လည်း မှန်သဖြင့် ဆရာကြီး ဦးလှိုင်ပေးသော မုန့်ဖိုးကို ယူကာ သံချောင်း မခေါက်သေးခင် ကျောင်းဆင်းခဲ့ရဖူးပါသည်။
စစ်တက္ကသိုလ်တက်သောအခါ ပိုက်ဆံကို ကိုယ့်ဘာသာ စီမံ ခန့်ခွဲ သုံးရသဖြင့် ဘယ်ဟာက မုန့်ဖိုးရယ်လို့ သီးသီးခြားခြား မရှိတော့ပဲ ကြည့်သုံးရပါသည်။ တစ်နှစ်တစ်နှစ် ကျောင်းပိတ်ချိန် အိမ်ပြန်သော အခါများတွင် မုန့်ဖိုး ရတတ်ပါသည်။ မှတ်မိနေတာတစ်ခုကတော့ ကျွန်တော် ခွင့်ရက်စေ့လို့ ပြန်ခါနီး ကားပေါ်တက်ခါနီး ကြီးကြီး ဒေါ်ခင်ကြည်လာပေးသော မုန့်ဖိုးတစ်ရာ့ငါးဆယ် ဖြစ်ပါသည်။ ငါးဆယ်တန်လေး သုံးရွက်ကို ကားပေါ်တက်ခါနီး အပြေးအလွှား လာပေးသော ကြီးကြီးကို မျက်စိထဲက မထွက်ပါ။
ကန်တော့လို့ပေးတဲ့ မုန့်ဖိုး စသည်ဖြင့် မုန့်ဖိုးများစွာ ရဖူးသည့်အနက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ပေးသော မုန့်ဖိုး တစ်ထောင်ကိုလည်း ရဖူးပါသည်။
အခုတော့ ကျွန်တော်က မုန့်ဖိုး ယူရသော အရွယ် မဟုတ်တော့ဘဲ မုန့်ဖိုးပေးရမယ့်အရွယ် ဖြစ်နေသော်လည်း ဘယ်သူ့ကိုမှတော့ မုန့်ဖိုး လောက်လောက်လားလား မပေးဖူးသေးပါ။ ပေးချင်ပါသည်။ တူလေးတွေ သားလေးတွေကို မုန့်ဖိုးပေးချင်သော လေးလေးကောင်း ဖြစ်ပါသည်။

Wednesday, 11 February 2009

တန်ဆောင်မုန်းလပြည့်ည

၁၃၇၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ည
( 2-11-2009 )
ကျန်စစ်သားရိပ်သာ အဆောင် (က) အခန်း (၈၁)

အခန်းရှေ့ ကော်ရစ်ဒါက ကွန်ကရစ် ပွတ်လုံးတိုင်များကြားမှာ ဖယောင်းတိုင် ထွန်းနေရင်း ဘေးပတ်ဝန်းကျင်နှင့် အဆောင် (ခ) တို့ကို စူးစမ်းကြည့်မိတော့ မီးထွန်းသူမှာ မိမိ တစ်ယောက်တည်း။ တန်ဆောင်မုန်း လပြည့်ညဆိုတာ မသိကြတော့ဘူးလား။ မဉ္ဖူသင်း၏ ယုံတမ်းစကား သီချင်းခွေကို နားထောင်နေရင်း တစ်ယောက်တည်း မီးထွန်းနေမိသည်။ လကလည်း သာ။ တစ်ချက်တစ်ချက် ဝေ့လိုက်သော လေကြောင့် ငြိမ်းသွားသော ဖယောင်းတိုင်များကို မီးလိုက်ညှိရင်း အရင်တုန်းက ကျော်ဖြတ်ခဲ့ဖူးသော တန်ဆောင်မုန်း လပြည့်ညများအကြောင်း သတိတရ တွေးနေမိပါသည်။
ငယ်စဉ်တုန်းကတော့ သတင်းကျွတ်တော့မည် ဆိုသည်နှင့် မီးထွန်းပွဲအတွက် အစောကြီးကတည်းက ကြိုတင် ပြင်ဆင်ရတော့သည်။ မီးပုံးလေးတွေ ကိုယ်တိုင်လုပ် အခန်းထဲမှာ ချိတ်ထား၊ လာသမျှလူကို ကြွား။ အဆွေအမျိုး မိသားစုထဲမှာ ဒီလိုမျိုး ထွင်ထွင်ကျည်ကျည် ဘယ်သူမှလည်း လုပ်တဲ့သူ မရှိသဖြင့် တွေ့ဖူး မြင်ဖူးသမျှ အတုယူကာ တတ်သရွေ့ မှတ်သရွေ့ လုပ်ရသည်။ သတင်းကျွတ် လပြည့်မှာတစ်ခါ တန်ဆောင်မုန်း လပြည့်မှာတစ်ခါ မီးထွန်းရသဖြင့် မီးပုံးလေးတွေ လုပ်ရကျိုးနပ်ပါသည်။
တန်ဆောင်မုန်း လပြည့်ညကတော့ ရွာက မိဖုရားကုန်းဘုရားကြီးမှာ ဆီမီး ကပ်လှူပွဲ လုပ်သဖြင့် မတိုင်ခင် သုံးလေးရက် အကြိုကတည်းက မီးခွက်ဆေး မီးခွက်သယ် ဘုရားကို သန့်ရှင်းရေးလုပ် မီးခွက်တွေ ဘုရားပေါ်မှာ နေရာချ၊ လပြည့်နေ့ဆိုလျှင် မနက်ကတည်းက မီဇာထည့် ဆီထည့်၊ ညနေပိုင်းမှာ တဖွဲဖွဲ ရောက်လာသော အလှူရှင် ပါရမီရှင်များကလည်း သူတို့လှူသော ဆီကို ကိုယ်တိုင်လိုက်ထည့်ချင်သဖြင့် ခွင့်ပြုရသေး။ အမေငွေခင်ကလည်း အာပေါင်အာရင်း သန်သန်ဖြင့် ဟောပြော၊ မိန်းမတွေ ဦးစီးသော မိဖုရားကုန်း ဘုရားကြီး၏ တန်ဆောင်မုန်းလပြည့် ဆီမီး ပူဇော်ပွဲမှာ ကျွန်တော်ကတော့ နှစ်စဉ် ပါဝင်နေကျ ဇာတ်လိုက်ကျော်လေး ဖြစ်ခဲ့သည်။
မနက်ခင်းပိုင်း အာရုဏ်မတက်ခင်ကတည်းက နှစ်စဉ်ပြုမြဲဝတ် ဖြစ်သည့် ဆွမ်းတော်ကြီး ကပ်လှူပွဲမှာ ကျွန်တော်က ကြေးစည်ထမ်းရသည်။ မနက်စောစော ရောင်နီမလာခင် အင်းသာမြောက်ကျောင်း ရေကန်ကြီး နံဘေးရှိ ကမ္မဌာန်းကျောင်းလေးမှာ အမေငွေခင်တို့ အမေရွှေမှင်တို့ အမေရင်တို့ အမေရီတို့ ဆရာလေးတွေ၊ နောက် ကျွန်တော့် ကစားဖော်များလည်းဖြစ် ပါရမီဖြည့်ဖက်များလည်း ဖြစ်ကြသော မဥမ္မာတို့ မီးမီးတို့ အောင်မျိုးဝင်းတို့ တွေနှင့် မိဖုရားကုန်း ဘုရားကြီးကို ကြေးစည်သံ တဝေဝေဖြင့် ချီတက်ကြပြီး သစ်သီးမျိုးစုံ ထန်းလျက် ပေါက်ပေါက်ဆုပ် သစ်သီးယိုစုံတို့ဖြင့် တန်ဆာဆင်အပ်သော ဆွမ်းတော်ကြီးကို ကပ်လှူကာ မနက်ဝေလီဝေလင်းမှာ ပြန်လာကြတာ မှတ်မိပါသေးသည်။
တစ်ဆက်တည်း မှတ်မိတာက ကျွန်တော့်အဖိုး ဆုံးမည့် တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ မနက် ဝေလီဝေလင်းမှာ ကမ္မဌာန်းကျောင်း ပြတင်းပေါက်က ပြုတ်ကျတာဖြစ်သည်။ ပြတင်းပေါက်က အကာအရံမရှိသော ကြမ်းတပြေးတည်းပေါက် ဖြစ်ပြီး ပြတင်းပေါက် အနီးမှာ ထိုင်ရင်း မနက် ဝေလီဝေလင်းမှာ အိပ်ငိုက်ပြီး ပြုတ်ကျတာ ဖြစ်နိုင်သည်။ မြေကြီးပေါ်ကို ကျောပြင်ဖြင့် အင့်ကနဲ ပြုတ်ကျအပြီး ခဏလောက် အသက်ရှူ အောင့်သွားကာ အမောတကော ပြေးလာပြီး ထူသူများ မေးတာကို ရုတ်တရက် မဖြေနိုင်ပဲ တော်တော်ကြာမှ အသက်ပြန်ရှူနိုင်တာကို အမြင့်က ပြုတ်ကျသည့် အရသာတစ်မျိုးအဖြစ် စိတ်ထဲမှာ ခံစားကြည့်မိနေပါသည်။ အဖိုးဆုံးမည့် မနက်မှာ ဖြစ်သည့် အဖြစ်အပျက်မို့ တစ်ချို့က အဖိုး သွားခါနီး သူ့မြေးချစ်ကို နှုတ်ဆက်တာလို့ ဆိုသူက ဆိုပါသည်။ ညနေ ကျောင်းက ပြန်လာတိုင်း လွယ်အိတ်လေး ဘေးမှာချပြီး အဖိုးကို နင်းနှိပ်ပေးတတ်သည့် ချစ်လှစွာသော သြရဿမြေးချစ်ကို အဖိုးက ဒီနည်းနဲ့တော့ နှုတ်ဆက်ချင်မည် မထင်ပါ။
လပြည့်ည မီးပူဇော်မည်ဆိုလျှင် ကျွန်တော်တို့ ဒေသက မြတ်စွာဘုရား ဆံတော်အစစ်များ ကိန်းအောင်းသည်ဟု ယုံကြည်ကြသော စမတောင်တော် ကမ္ဘာ့ကပ်ကျော်စေတီ၊ မိဖုရားကုန်းဘုရားတို့ ပါဝင်သည့် ဘုရားခြောက်ဆူတွင် နေဝင်သည်ကို ကြည့်ပြီး တပြိုင်တည်း မီးစထွန်းရတာ အစဉ်အလာတစ်ခု ဖြစ်ပါသည်။ မိဖုရားကုန်း ဘုရားဆိုလျှင် ပိုမိုတန်ခိုးကြီးသည့် စမတောင်တော်ပေါ်က မီးရောင်မြင်မှ မီးစထွန်းရပါသည်။ ဘုရား အပေါ်ဆင့်တွေမှာ အဆင်သင့် စောင့်နေသော ယောက်ျားကြီးများက စမတောင်တော်ကို မျှော်ကြည့်ရင်း တောင်တော်ပေါ်က မီးရောင်မြင်ရပြီဆိုလျှင် အားလုံးမီးထွန်းနိုင်ကြောင်း အချက်ပေးပါသည်။ ဘုရားတစ်ခွင် အသင့်စောင့်နေသော ပါရမီရှင်များက မီးကို တပြိုင်တည်း ထွန်းညှိ ပူဇော်ကြပါသည်။
ဘုရားမှာ မီးထွန်းပြီးပြီ ဆိုလျှင်တော့ အနီးနားတဝိုက်က ဘုရားတွေကို လှည့်လည်ကြပါတော့သည်။ ရွာမှာတော့ ရွာအရှေ့ထိပ်မှာ ရန်ပြေမာန်ပြေဘုရား၊ ရွာတောင်ပိုင်းမှာ ကိုးနဝင်းစေတီ၊ အရင်က ရန်ကုန်-မန္တလေး ကားလမ်းဘေးက ထမင်းဆိုင် နာမည်ကြီး ရသေ့တောင် ဘုရားများ စသည်ဖြင့် လှည့်လည်ကြပါသည်။ ဘယ်ဘုရားက မီးကတော့ဖြင့် ပိုလှသည်၊ တို့ဘုရားကတော့ အလှဆုံးပဲ စသည်ဖြင့် ကြံဖန် ဂုဏ်ယူကြပါသည်။ ပြီးတော့ အိမ်တွေကလည်း မီးထွန်းကြသဖြင့် လှည့်လည်သွားလာရင်း ကြည့်ရတာ ပျော်စရာကောင်းပါသည်။ တန်ဆောင်မုန်း လပြည့်ညမှာ ပွဲလမ်းသဘင် အဆိုအတီးတော့ ရှိလေ့ မရှိပါ။
စစ်တက္ကသိုလ်မှာတော့ တန်ဆောင်မုန်း လပြည့်ညဆိုလျှင် ပျော်စရာပွဲလေးတွေ ရှိတတ်သည်။ နောက်ဆုံးနှစ် (၂၀၀၁) တန်ဆောင်မုန်းလပြည့်ည မီးပုံးပျံလွှတ်ပွဲကိုတော့ မဆင်နွှဲလိုက်ရပါ။ ငှက်ဖျားလိုလို ဘာလိုလိုနှင့် ဆေးရုံပေါ်ရောက်နေလို့ဖြစ်သည်။ ကျွန်တော်တို့ခေတ် တစ်ခါသာ ကြုံခဲ့ရသော မီးပုံးပျံပွဲကို လွတ်သွားတာ နာလှပါသည်။
ကျောင်းဆင်းပြီးစ ဒုဗိုလ်ဘဝ (၂၀၀၂) တန်ဆောင်မုန်း လပြည့်ညမှာတော့ ပုသိမ်က တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကို ရောက်နေပါသည်။ ထူးထူးခြားခြား မမှတ်မိတော့ပါ။
ရန်ကုန်တက္ကသိုလ်တက်တော့ ပထမနှစ်နှင့် ဒုတိယနှစ် တန်ဆောင်မုန်း လပြည့်ညများကို ထွေထွေထူးထူး မမှတ်မိပဲ နောက်ဆုံးနှစ် တန်ဆောင်မုန်း လပြည့်ညမှာတော့ ( အရင်နှစ်က အင်ဂျန်နီယာ အစ်ကိုကြီးတွေမီးထွန်းတာကို အားကျပြီး) အဆောင်ပေါ်မှာ မီးထွန်းကြတာ မှတ်မိပါသည်း။ လပြည့်နေ့ မတိုင်ခင်ကတည်းက ပိုက်ဆံကြိုကောက် ကုန်ကျမည့် ဖယောင်းတိုင် တွက်ချက်ပြီး အပေါ်ဆံုံးထပ် ကော်ရစ်ဒါ တလျှောက်လုံးနှင့် ဆင်ဝင်အပေါ်မှာ မီးထွန်းတာဖြစ်သည်။ သင်္ချာက ကျော်လင်း ပေါတာ ကျော်ဇေယျ တို့ကလည်း များစွာ ကူညီကြပါသည်။
ရန်ကုန်တက္ကသိုလ်က ဆင်းပြီး ဗထူးမှာ ခြေလျင်တပ်ခွဲမှူးသင်တန်း တက်တော့လည်း တစ်ဆောင်လုံး မီးထွန်းနိုင်အောင် စီနီယာ အစ်ကိုကြီးတွေကို စည်းရုံးကာ ပိုက်ဆံစု ကုန်ကျမည့် ဖယောင်းတိုင်တွက်ချက်က ည ကိုးနာရီ တန်းဖြုတ်မှာ တစ်ဆောင်လုံး မီးထွန်းပါသည်။ ဒီတစ်ခါတော့ ရန်ကုန်မှာထက် သာပါသည်။ နှစ်ထပ်ဆောင်ကို အပေါ်အောက် မီးထွန်းနိုင်ခဲ့ပါသည်။ မီးထွန်းဖို့ကို တော့ နေ့လည် မွန်းတိမ်းကတည်းက စပြီး ပြင်ဆင်ရပါသည်။ တစ်ပတ်လောက် ကြိုကောက်ထားသော ပိုက်ဆံဖြင့် ဖယောင်းတိုင်တွေဝယ်၊ အဆောင်က ကော်ရစ်ဒါ ပွတ်လုံးတိုင်တွေကြားမှာ လိုက်စိုက်၊ ညကျတော့ တစ်ဆောင်လုံး တစ်ပြိုင်တည်း မီးထွန်းကြနှင့် ပျော်ဖို့ကောင်းပါသည်။ ညခုနစ်နာရီ တန်းဖြုတ်ပြီးချိန် ဘုရားကို သွားပြီး မီးပူဇော်ကာ ညကိုးနာရီ အဆောင်မှာ မီးထွန်းပြီးတော့ မီးပုံးပျံလည်း လွှတ်ပါသည်။ တပ်ခွဲမှူးသင်တန်း အဆောင် လေးဆောင် ရှိသည့်အနက် ကျွန်တော်တို့တစ်ဆောင်သာလျှင် ညီညာဖျဖျ မီးထွန်းကြတာဖြစ်ပြီး ကျန်ဘယ်အဆောင်မှ ကျွန်တော်တို့အဆောင်လို မီးထွန်းတာမျိုး မရှိပဲ ကိုယ့်အစီအစဉ်နှင့်ကိုယ် ဖြိုးတိုးဖျောက်တောက် ထွန်းကြတာပဲ ရှိပါသည်။ ကုန်ကျမည့်ပိုက်ဆံကို အလှူလိုက်ခံစဉ် လိုသလောက် ပိုက်ဆံကို လှူပေးကြသော အစ်ကိုကြီးများကို ကျေးဇူးတင်မိပါသည်။ တကယ်ဆိုလျှင်တော့ ဒီလို အစ်ကိုကြီးတွေသာ မရှိဘူးဆိုလျှင် ကျွန်တော်တို့အဆောင် မီးထွန်းပွဲ ဒီလောက်စည်ကားမည် မထင်ပါ။