Saturday, 30 March 2013

သူတို့ဆီက တက္ကသိုလ် လေ့ကျင့်ရေးတပ်ရင်း



 ပြီးခဲ့တဲ့ ရက်တွေတုန်းက ဖေ့ဘုတ် စာမျက်နှာပေါ်မှာ ဗိုလ်ကောင်းတို့ မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသားတွေ တက္ကသိုလ် လေ့ကျင့်ရေး တပ်ရင်းတွေမှာ စစ်ပညာ သင်ခန်းစာတွေ လေ့ကျင့်နေတာကြတာ တွေ့ခဲ့ရပါတယ်။ ဗိုလ်ကောင်းတို့ သိမီလိုက်သလောက်ဆိုရင် အခုတစ်ခါ ပထမဆုံး တွေ့ဖူးခြင်းပဲ ဖြစ်ပါတယ်။ ဗိုလ်ကောင်းတို့ ငယ်ငယ်က လူကြီးတွေ ပြောပြတဲ့ ပုံပြင်တွေထဲမှာ အဲသည် အကြောင်းအရာတွေ ကြားဖူးနားဝ ရှိခဲ့ပေမယ့် အခုမှသာ မြင်ဖူးတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ပညာဆိုတာကတော့ နိုင်ငံသားတိုင်း သင်ကြားအပ်တဲ့ ပညာဖြစ်တဲ့အတွက် အခုလို ပြန်လည် အသက်ဝင်လာတဲ့ သင်တန်းတွေအတွက် အများကြီး ဂုဏ်ယူအားတက်မိပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး အခုရောက်နေတဲ့ နိုင်ငံမှာရော အဲသည်လိုမျိုး တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို စစ်ပညာ လေ့ကျင့်သင်ကြားပေးတာမျိုး ရှိသလားလို့ လေ့လာခဲ့မိပါတယ်။  သူတို့တွေဆီမှာ လူငယ်တွေ ပြုစုပျိုးထောင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ထိထိမိမိ လုပ်နေနိုင်သလဲ ဆိုတာ သိရတော့ အော် ငါတို့တွေ အများကြီး အလုပ်လုပ်ဖို့ လိုပါသေးလားလို့ တွေးမိပြီး နည်းနည်းတောင် စိတ်အားငယ်မိပါတယ်။ ဒါပေမယ့်လေ မိုင်တစ်ထောင် ခရီးရဲ့ အစဟာ ပထမခြေလှမ်း ဖြစ်တယ်လို့ တွေးပြီး သူတို့လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်ရမှာပဲ ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး ဒီစာစုကို ရေးသား မျှဝေပေးလိုက်ပါတယ်။ တက္ကသိုလ် ကျောင်းသားတွေတင်မက အထက်တန်း အလယ်တန်း ကျောင်းသားတွေကိုပါ ဘယ်လို လေ့ကျင့် ပြုစု ပျိုးထောင်ပေးသလဲဆိုတာ ဖတ်ကြည့်စေချင်ပါတယ်ခင်ဗျာ
National Cadet Corps တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့
    တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ ဌာနချုပ်ကို ဒေလီမြို့တွင် ဖွင့်လှစ်ထားပါသည်။ ယင်းသည် တက္ကသိုလ် နှင့် ကောလိပ်ကျောင်းသားများ မိမိသဘောဆန္ဒအလျောက် လာရောက်ခြင်းကို လက်ခံ လေ့ကျင့်ပေးပါသည်။ လူငယ်များအား ကြည်းတပ် လေတပ်နှင့် ရေတပ်အားလုံးအတွက် ရည်စူးပြီး စည်းကမ်းပြည့်ဝသော မျိုးချစ်စိတ်ထက်သန်သော နိုင်ငံသားများအဖြစ်ကို လေ့ကျင့်ပေးပါသည်။ ယင်းသည် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ အထက်တန်းကျောင်းများ ကောလိပ်ကျောင်းများ တက္ကသိုလ်ကျောင်းများမှ စစ်ပညာစိတ်ဝင်စားသူများကို မိမိသဘောဆန္ဒအလျောက် စုဆောင်း လေ့ကျင့်ပေးခြင်း ဖြစ်ပါသည်။ သင်တန်းသားများကို စစ်အခြေခံ လေ့ကျင့်ခန်းများ လက်နက်ငယ် နှင့် စစ်ရေးပြ လေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးပါသည်။ သင်တန်းပြီးဆုံးပါလျှင်လည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် မလိုအပ်ပါ။ သို့သော် တပ်မတော်တွင် အမှုထမ်းဆောင်မည် ဆိုပါက အဆိုပါ ကျောင်းသားများ၏  သင်တန်းအရည်အချင်းပေါ် မူတည် ဦးစားပေးပါသည်။
တက္ကသိုလ်လေ့ကျင့်ရေးတပ်ရင်း၏ ရည်မှန်းချက်များမှာ လူငယ်များအကြားတွင် အကျင့်စာရိတ္တ၊ ရဲဘော်ရဲဘက်စိတ်ထား၊ ခေါင်းဆောင်မှု အရည်အချင်း၊ ခံယူချက်၊ စွန့်လွှတ်စွန့်စားလိုစိတ်၊ ကိုယ်ကျိုးစွန့် တာဝန်ထမ်းဆောင်လိုစိတ်များ တိုးပွားလာစေရန်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် လူတန်းစားအလွှာစုံမှ စုစည်းညီညွတ်သော လေ့ကျင့်သားပြည့်သော စိတ်အားထက်သန်သော လူငယ်စွမ်းအားများ ပြုစုပျိုးထောင်ရန် တို့ ဖြစ်ပါသည်။
တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းဆောင်ရန် စိတ်အားထက်သန်သော လူငယ်များအတွက် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန် တို့ဖြစ်ပါသည်။
    NCC ၏သမိုင်းကြောင်းကို ပြန်ပြောင်း လေ့လာကြည့်မည် ဆိုပါက NCC သည် ၁၉၄၈ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြဌာန်းခဲ့သော NCC ဥပဒေအရ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ မူလအစမှာ တပ်မတော်တွင် လျော့နည်းလာသော အင်အားကို ဖြည့်တင်းရန်အတွက် ၁၉၁၇ ခုနှစ် အိန္ဒိကာကွယ်ရေးအက်ဥပဒေအရ ပေါ်ထွန်းလာသော တက္ကသိုလ် လေ့ကျင့်ရေးတပ်ရင်းများ University Corps ဖြစ်ပါသည်။ ၁၉၂၀ ခုနှစ်တွင် အိန္ဒိယနယ်ခြားဥပဒေ ထွက်ပေါ်လာသောအခါ UC များကို တက္ကသိုလ်လေ့ကျင့်ရေးတပ်ရင်း UTC များဖြင့် အစားထိုးခဲ့ပါသည်။ ရည်ရွယ်ချက်မှာ တက္ကသိုလ်လေ့ကျင့်ရေး တပ်ရင်းများ၏ အဆင့်အတန်းကို မြှင့်တင်ရန် နှင့် လူငယ်များ၏ စိတ်ဝင်စားမှုကို ပိုမို ဆွဲဆောင်နိုင်ရန် ဖြစ်ပါသည်။
     UTC တွင် နည်းပြများနှင့် သင်တန်းသားများကို တပ်မတော်သားဝတ်စုံ ဝတ်ဆင်ပေးပါသည်။ ယင်းမှာ လက်နက်ကိုင် တပ်ဖွဲ့များကို အိန္ဒိယမှုပြုရာတွင် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတို့ တည်ထောင်ခဲ့သော University Officers Training Corps UOTC ၏ အမွေကို ဆက်လက် ခံယူခြင်းလည်း ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ယူအိုတီစီများသည် ဗြိတိသျှတို့ မျှော်မှန်းချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ပိုမိုကောင်းမွန်သော အစီအစဉ်တစ်ရပ် လုပ်ဆောင်ရန် နှင့် ငြိမ်းချမ်းသော ကာလတွင်ပင် လူငယ်များအား ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် လေ့ကျင့်ပေးရန် အကြောင်းဖန်လာခဲ့ပါသည်။ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကောလိပ်ကျောင်းများမှ လူငယ်များအား သင်တန်းပေး လေ့ကျင့်ပေးနိုင်သည့် အဖွဲ့အစည်းတစ်ခု ထူထောင်ရန် ပန်ဒစ် ကွန်ဇရူးဦးဆောင်သော ကော်မတီက အကြံပြုခဲ့ပါသည်။ NCC ဥပဒေကို ဘုရင်ခံချုပ်က သဘောတူခဲ့ပြီး ဥပဒေအဖြစ် ပြဌာန်းကာ တည်ထောင်ခဲ့ပါသည်။
    ၁၉၄၉ ခုနှစ်တွင် အမျိုးသမီး တက္ကသိုလ်ကောလိပ် ကျောင်းသူများကိုပါ တက်ရောက်ခွင့်ပြုခဲ့ပါသည်။ ၁၉၅၀  ခုနှစ်တွင် လေတပ်သင်တန်းများကို စတင် လေ့ကျင့်ပေးခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရေတပ်သင်ခန်းစာများကို စတင် လေ့ကျင့်ပေးခဲ့ပါသည်။ ပန်ဒစ် ဂျဝါဟလာ နေရူးကလည်း ထိုကျောင်းများကိုစိတ်ဝင်စားလာပြီးနောက်  လေ့ကျင့်ရေး သင်ခန်းစာများ၌ လူမှုရေးရာ ဝန်ဆောင်မှု ဘာသာရပ်များ တိုးချဲ့ သင်ကြားခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ စစ်ပွဲဖြစ်ပွားပြီးနောက်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ မသင်မနေရ စစ်သင်တန်းအဖြစ် သတ်မှတ်ခဲ့ပြီး တစ်ဖန် ၁၉၆၈ ခုနှစ်တွင်မူ ယင်းသတ်မှတ်ချက်ကို ပယ်ဖျက်ကာ မိမိသဘောအလျောက်သာ တက်ရောက်နိုင်သည့် သင်တန်းအဖြစ် သတ်မှတ်ခဲ့ပြန်ပါသည်။
    ၁၉၆၅ နှင့် ၁၉၇၁ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သော အိန္ဒိယ-ပါကစ္စတန် စစ်ပွဲကာလများအတွင်းက NCC သင်တန်းသားများကို ကာကွယ်ရေးအရံ အင်အားအဖြစ် သတ်မှတ်ထားရှိခဲ့ပါသည်။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံများတွင် ကူညီရန်၊ ရှေ့တန်းတပ်များသို့ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးရန် အပြင် ရန်သူ လေထီးတပ်သားများကို ဖမ်းဆီးရန် အတွက်လည်း NCC သင်တန်းများကို တာဝန်ပေး ဖွဲ့စည်းခဲ့ပါသည်။ NCC သင်တန်းသားများသည် ကာကွယ်ရေးဌာန တာဝန်ရှိသူများနှင့် လက်တွဲ ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကင်းထောက် လုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာ ဝင်ရောက် ထမ်းဆောင်ခဲ့ကြပါသည်။
    အထက်ပါ ပါကစ္စတန်နှင့် စစ်ပွဲများ ပြီးဆုံးပြီးနောက် NCC သင်ခန်းစာများကို ပြန်လည် ဆန်းစစ်သုံးသပ်ခဲ့ပါသည်။ တပ်မတော် ကာကွယ်ရေး အရံအင်အားအဖြစ် သာမက ခေါင်းဆောင်မှုနှင့် တပ်မတော် အရာရှိ အရည်အသွေးများကိုလည်း ဇောင်းပေး ရေးဆွဲခဲ့ပါသည်။ စစ်ရေးသင်ခန်းစာများကို လျှော့ချခဲ့ပြီး လူမှုဝန်ဆောင်မှု လုပ်ငန်းများနှင့် လူငယ်ရေးရာ စီမံခန့်ခွဲမှု အရည်အသွေးများကို တိုးမြှင့် လေ့ကျင့်ပေးခဲ့ပါသည်။
    ဌာနချုပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသော အရာရှိကြီးတစ်ဦးက ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူပြီး ဗိုလ်ချုပ်အဆင့် အရာရှိကြီး နှစ်ဦး၊ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီး ငါးဦးနှင့် အခြားသော အရပ်ဘက် အရာရှိများက ဦးစီးတာဝန်များ ထမ်းဆောင်ကြပါသည်။ ပြည်နယ်မြို့တော်များတွင် တပ်မတော် ကြည်းရေလေမှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများ ဦးဆောင်သော ဌာနချုပ် ၁၇ ခုရှိပါသည်။ ပြည်နယ်များ၏ အကျယ်အဝန်းနှင့် သင်တန်းအောင်မြင်မှုကို မူတည်ပြီး ပြည်နယ်တစ်ခုစီတွင် လေ့ကျင့်ရေးဌာန ၁၄ ခုအထိ ဖွင့်လှစ်ကာ ဗိုလ်မှူးကြီးတစ်ဦးက ကွပ်ကဲ တာဝန်ယူပါသည်။ လေ့ကျင့်ရေးဌာနတစ်ခုစီတွင် လေ့ကျင့်ရေးတပ်ရင်း ငါးရင်းမှ ခုနစ်ရင်းအထိကို ဗိုလ်မှူး/ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိတစ်ဦးကွပ်ကဲပါသည်။ တပ်ရင်းတစ်ရင်းစီတွင် ဗိုလ်မှ ဗိုလ်မှူးအဆင့်ရှိသော အရာရှိများ ကွပ်ကဲသည့် တပ်ခွဲများ ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် ပြည်နယ်လေ့ကျင့်ရေးဌာနချုပ် ၁၇ ခု၊ လေ့ကျင့်ရေးဌာန ၉၁ ခု၊ နည်းပညာနှင့် အမျိုးသမီးတပ်ရင်းများအပါအဝင် ကြည်းတပ် လေ့ကျင့်ရေးတပ်ရင်း ၆၅၈ ရင်း၊ ရေတပ်လေ့ကျင့်ရေးတပ်ရင်း ၅၈ ရင်း၊ လေတပ် လေ့ကျင့်ရေးတပ်ရင်း ၅၈ ရင်း ရှိပါသည်။ ယင်းတပ်ရင်းများ ဌာနချုပ်များအတွက် Kamptee Officer Training School နှင့် Women Officers Training School, Gwalior တို့ကို တည်ထောင်ထားပါသည်။
    ကြည်းတပ်လေ့ကျင့်ရေးတပ်ရင်းတွင် တပ်ခွဲ တပ်စုများ ဖြင့် ဖွဲ့စည်းထားပါသည်။ ယောက်ျားလေး အကြီးတန်း အဆင့်တွင် တပ်စုတစ်စု လျှင် အင်အား ၅၂ ဦးဖြင့် ဖွဲ့စည်းထားပြီး တပ်ခွဲတစ်ခွဲတွင် အင်အား ၁၆၀ ရှိပါသည်။ တပ်ရင်းတစ်ရင်းတွင် တပ်ခွဲ လေးခွဲမှ ခုနှစ်ခွဲထိရှိပြီး သင်တန်းသားပေါင်း ၆၄၀ မှ ၁၁၂၀ ထိ ရှိပါသည်။ မိန်းကလေး အကြီးတန်း အဆင့်တွင် တပ်ရင်းတစ်ရင်း တပ်ခွဲ နှစ်ခွဲမှ ခုနစ်ခွဲထိရှိပြီး တပ်ရင်းတစ်ရင်းတွင် အင်အား ၃၂၀ မှ ၁၁၂၀ ထိ ရှိပါသည်။ အငယ်တန်း အဆင့်တွင် တပ်ရင်းတစ်ရင်း လျှင် အင်အား ၁၀၀ ရှိသော တပ်ဖွဲ့တစ်ဖွဲ့ ရှိပြီး တပ်ရင်းတစ်ရင်းတွင် အနည်းဆုံး တပ်ဖွဲ့တစ်ဖွဲ့ ရှိပါသည်။
    လေတပ်လေ့ကျင့်ရေးတပ်ရင်းတွင် တပ်ခွဲ လေးခွဲမှ ရှစ်ခွဲအထိ ပါရှိပြီး တပ်ခွဲတစ်ခွဲတွင် အင်အား ၅၀ ရှိပါသည်။ အငယ်တန်းအဆင့်တွင် တပ်ဖွဲ့တစ်ဖွဲ့၌ အင်အား ၁၀၀ ရှိပါသည်။
    လေတပ်လေ့ကျင့်ရေးတပ်ရင်းတွင် တပ်ခွဲ နှစ်ခွဲဖြင့် ဖွဲ့စည်းထားပြီး တပ်ခွဲတစ်ခွဲတွင် အင်အား ၁၀၀ ရှိပါသည်။ ထို့ကြောင့် အုပ်တစ်အုပ်တွင် အင်အား ၂၀၀ ဝန်းကျင် ရှိပါသည်။ အငယ်တန်း အဆင့်တွင် အုပ်တစ်အုပ်၌ အင်အား ၁၀၀ စီ ရှိပါသည်။
    သို့သော်လည်း တပ်ရင်းတစ်ရင်းတွင် တပ်ဖွဲ့ ၂၄ ဖွဲ့ နှင့် အင်အား ၂၄၀၀ သာလျှင် အများဆုံးသတ်မှတ် လက်ခံပါသည်။
    NCC တွဲဘက် အရာရှိများသည် သင်တန်းသားများကို လေ့ကျင့်ပေးရန်အတွက် ခန့်အပ်ထားသူများ ဖြစ်ပါသည်။ တက္ကသိုလ်ကောလိပ် ဆရာ ဆရာမများကို ရွေးချယ်သင်တန်းပေး ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ နည်းပြများအတွက် သင်တန်းကာလမှာ ၂၁ ရက်မှ ရက် ၉၀ အထိ ကြာမြင့်တတ်ပါသည်။
    ကြည်းတပ်သင်တန်းသားများသည် ကာကီရောင် စစ်ဝတ်စုံကို ဝတ်ဆင်ကြပါသည်။ ရေတပ် သင်တန်းသားများမှာ ရေတပ်ဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်ကြပြီး လေတပ် သင်တန်းသားများမှာ ပြာမှိုင်းသော လေတပ်စစ်ဝတ်စုံကို ဝတ်ဆင်ကြရပါသည်။
    ကြည်းတပ်သင်တန်း အကြီးတန်းအဆင့်တွင် ယောက်ျားလေး သင်တန်းသားများမှာ ကာကီစစ်ဝတ်စုံ လက်ရှည် နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ရပြီး အငယ်တန်းအဆင့် ယောက်ျားလေး သင်တန်းသားများမှာ ကာကီအင်္ကျီနှင့် ဘောင်းဘီတို ဝတ်ဆင်ရပါသည်။ မိန်းကလေး သင်တန်းသားများမှာ ကာကီဝတ်စုံ လက်ရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ရပါသည်။
    ရေတပ်သင်တန်း အကြီးတန်းအဆင့် ယောက်ျားလေး သင်တန်းသားများမှာ အဖြူရောင် ရှပ်လက်တိုနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ရပြီး အငယ်တန်း ယောက်ျားလေး သင်တန်းသားများမှာ အဖြူရောင် ရှပ်လက်တိုနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ရပါသည်။ ရေတပ် မိန်းကလေး သင်တန်းသားများမှာ အဖြူရောင် ရှပ်လက်တိုနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ကြရပါသည်။
    လေတပ်သင်တန်းတွင် အကြီးတန်းအဆင့် ယောက်ျားလေးများမှာ အပြာရောင် ရှပ်လက်တိုနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ရပြီး အငယ်တန်း ယောက်ျားလေး သင်တန်းသားများမှာ အငယ်တန်းများလည်း ထိုနည်းတူပင် ဝတ်ဆင်ကြရပါသည်။ မိန်းကလေးများမှာ အပြာရောင် ရှပ်လက်တိုနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ရပါသည်။
    သင်တန်းသား အားလုံးသည် ဘယ်ရီဦးထုပ် အစိမ်းရောင်ကို ဝတ်ဆင်ရပြီး ချွင်းချက်အနေနှင့် ဆစ်လူမျိုး သင်တန်းသားများမှာမူ ပန်ချာပီ ခေါင်းပေါင်း အစိမ်းရောင်ကို ပေါင်းရပါသည်။ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများတွင် အညိုရောင် ပတ္တူဖိနပ်ကို စီးရပြီး စစ်ရေးပြလေ့ကျင့်ခန်းများတွင် သားရေ စစ်ဖိနပ်ကြီးကို စီးရပါသည်။ အေးသော ဒေသများတွင် အနွေးထည်များ ဝတ်ဆင်ရပါသည်။ တစ်ခါတစ်ရံတွင် တပ်မတော်သားများ၏ စစ်ဝတ်စုံများကိုလည်း ဝတ်ဆင်ကြပါသည်။
    သင်တန်းသား အားလုံး၏ လေ့ကျင့်ရေးကာလမှာ နှစ်နှစ် ဖြစ်ပါသည်။ လေ့ကျင့်ရေးနှစ်များအတွင်း သင်တန်းသားများသည် တစ်ပတ်လျှင် အနည်းဆုံးလေးနာရီ စစ်ပညာ သင်ကြားရပါသည်။ သို့သော် သင်တန်းသား၏ မူလ တက္ကသိုလ်ကောလိပ် ကျောင်းပိတ်ရက်များတွင် လေ့ကျင့်ရေးကို ရပ်နားထားပါသည်။ ပုံမှန် စာသင်နှစ် ပညာသင်ကြားသော နာရီစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို စစ်ပညာသင်ကြားရပါသည်။ နှစ်စဉ် စခန်းသွင်း လေ့ကျင့်မှုကို အကြီးတန်းများအတွက် ၁၄ ရက်နှင့် အငယ်တန်းများအတွက် ၁၀ ရက် သတ်မှတ် တက်ရောက်စေပါသည်။
    အိန္ဒိယအမျိုးသားနေ့ စခန်းသွင်း လေ့ကျင့်မှုသည် အရေးအကြီးဆုံး ကာလပင် ဖြစ်ပါသည်။ ယင်းသို့ စခန်းသွင်း လေ့ကျင့်ခြင်းကို ဇန်နဝါရီလ ၁ ရက်မှ ၂၉ ရက်နေ့ထိ ပြုလုပ်ပါသည်။ တစ်နိုင်ငံလုံးရှိ ဌာနချုပ်ပေါင်း ၁၇ ခုမှ ရွေးချယ်ထားသော သင်တန်းသား ၁၈၅၀ တက်ရောက်ရပြီး ဒုတိယ သမ္မတက စခန်းဖွင့်လှစ်ပေးကာ နိုင်ငံတော် ဝန်ကြီးချုပ် စစ်ရေးပြဖြင့် စခန်းသိမ်းပါသည်။ စခန်းသွင်း လေ့ကျင့်ခန်းသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေလီမြို့တော် အုပ်ချုပ်ရေးမှူး၊ တပ်မတော် ကြည်းရေလေ ဦးစီးချုပ်များ၊ ပြည်နယ်အစိုးရ ဝန်ကြီးများ နှင့် အရေးကြီးပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။
    အဆိုပါ စခန်းသွင်းလေ့ကျင့်နေစဉ်တွင် နိုင်ငံတော် ဝန်ကြီးချုပ် အလံတော် နှင်းအပ်နိုင်ရေးအတွက် ပြိုင်ပွဲအမျိုးမျိုး ကျင်းပပါသည်။ စစ်ရေးပြများ၊ အဆိုအက ပြိုင်ပွဲများ၊ အကောင်းဆုံးသင်တန်းသား ဆု၊ ကြည်းရေလေ သင်တန်းများအလိုက် စည်းကမ်းအကောင်းဆုံးဆု၊ လေယာဉ် ပုံစံငယ်၊ သင်္ဘောပုံစံငယ် တည်ဆောက်မှု စသည်ဖြင့် ယှဉ်ပြိုင်ကြ့ရပါသည်။
    သင်တန်းသား အသစ်များအတွက်လည်း ၁၀ ရက်မှ ၁၂ ရက်ထိ စခန်းသွင်းလေ့ကျင့်မှုများ ရှိပြီး ယင်းစခန်းတွင် NCC အကြောင်း၊ လက်နက်ပစ်ခတ်မှု စသည်တို့ကို လေ့ကျင့်ပေးပါသည်။ ထို့ပြင် မတူညီသော ပြည်နယ်များအကြား ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွာခြားချက်များကို နားလည် သဘောပေါက်စေရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပေါင်းစည်း လေ့ကျင့်ပေးခြင်းများကိုလည်း လုပ်ဆောင်ပေးပါသည်။ သင်တန်းသားများကို မျိုးချစ်စိတ် ထက်သန်စေရေးနှင့် နယ်မြေအမျိုးမျိုးတို့ကို ရောက်ဖူးစေရန် နိုင်ငံအနှံ့သို့ ပို့ဆောင် လေ့ကျင့်ပေးပါသည်။
    ထိုမျှသာမက အဆင့်မြင့် ခေါင်းဆောင်မှု သင်တန်း၊ တောင်တက်သင်တန်း၊ လေထီးသင်တန်း၊ ခရီးရှည်ချီတက်ခြင်း သင်တန်း စသည်တို့ကို တပ်မတော်နှင့် ပူးပေါင်း သင်ကြားပေးပါသည်။ စိတ်အားထက်သန်သော သင်တန်းသားများကို သက်ဆိုင်ရာ တပ်ရင်းများသို့ ၁၀ ရက်မှ ၁၅ ရက်ထိ တွဲဖက်ပြီး စစ်ဘက်ဆိုင်ရာ နည်းပြအရာရှိများက နေ့တိုက်ပွဲ ညတိုက်ပွဲ စစ်နည်းဗျူဟာများ သင်ကြားကာ လက်နက်များနှင့် အကျွမ်းတဝင်ဖြစ်အောင် လုပ်ဆောင်ပေးပါသည်။
    NCC နှင့် ပတ်သက်ပြီး ဗဟုသုတ မှတ်သားအတုယူစရာ ဗဟုသုတ များစွာ ကျန်သေးသော်လည်း ဒီလောက်နဲ့ပဲ လုံလောက်ပြီ ယူဆပါသည်။ ဗိုလ်ကောင်းတို့ မြန်မာနိုင်ငံတွင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် ငွေကြေးအင်အား တောင့်တင်း ခိုင်မာလာသော တစ်ချိန်တွင် နိုင်ငံတော် ကာကွယ်ရေးအတွက် သာမက ကျန်းမာကြံ့ခိုင်သော ဘက်စုံအရည်အချင်း ပြည့်ဝသော နိုင်ငံ့သားကောင်း လူငယ်များကို ဤသို့သော နည်းလမ်းများဖြင့် ပြုစုပျိုးထောင် ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ (30-3-2013)

Wednesday, 27 March 2013

ဆေးရောင်စုံပွဲတော်


 ဒီနှစ် မတ်လ ၂၇ ရက်နေ့ဟာ ရောင်စုံဆေးတွေနဲ့ ပက်ဖြန်းကစားကြတဲ့ ဟိုလီပွဲတော်နေ့ ဖြစ်ပါတယ်။ ဟိုလီ ပွဲတော်ဆိုတာ ဟိန္ဒူတွေရဲ့ ရှေးဟောင်း ဘာသာရေး ဇာတ်လမ်းတစ်ပုဒ်ကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တစ်ခါက နတ်ဘုရင်တစ်ပါး ရှိသတဲ့။ ဗြဟ္မာတွေက အဲသည်နတ်ဘုရင်ကို ဘယ်သူသတ်သတ် မသေနိုင်တဲ့ ဆုလာဘ်ကိုလည်း ပေးထားသတဲ့။ သူရထားတဲ့ ဆုလာဘ်အရဆိုရင် သူ့ကို နေ့မှာဖြစ်ဖြစ် ညမှာဖြစ်ဖြစ်၊ အိမ်ထဲမှာ ဖြစ်ဖြစ် အိမ်ပြင်မှာဖြစ်ဖြစ်၊ ကောင်းကင်မှာဖြစ်ဖြစ် မြေပြင်ပေါ်မှာဖြစ်ဖြစ်၊ လူသားကပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် သတ်လို့ မရနိုင်ဘူးပေါ့။ ဒီလိုဆုလာဘ်ကို ရထားတဲ့ နတ်ဘုရင်တစ်ပါးဟာ ဘယ်မှာ စိတ်ကြီးမဝင်ဘဲ နေပါတော့မလဲ။ ဒါနဲ့ပဲ သူဟာ လူသားတွေနေထိုင်ရာ လောကနဲ့ ကောင်းကင်ဘုံကို တိုက်ခိုက်ရန်ပြုတော့တာပဲ။ လူတွေက ဘုရားသခင်ကို ကိုးကွယ်နေရာက သူ့ကို ပြောင်းပြီး ကိုးကွယ်စေချင်လာပါတော့သတဲ့။
  


  ဒါပေမယ့် သူရဲ့ သားဖြစ်တဲ့ ပရာလာဒါ ကတော့ ဗိဿနိုး နတ်ဘုရားကိုပဲ ယုံယုံကြည်ကြည် ကိုးကွယ်နေတဲ့သူ ဖြစ်နေပါတယ်။ သူ့အဖေက ဘယ်လိုပဲ ခြိမ်းခြောက်ခြိမ်းခြောက် သားဖြစ်သူကတော့ သူ့အဖေကို ကိုးကွယ်ဖို့ ငြင်းဆန်ပြီး ဗိဿနိုးနတ်ဘုရားကိုပဲ ဆက်လက် ကိုးကွယ်နေပါတယ်။ ဒါနဲ့ပဲ အဖေလုပ်တဲ့ နတ်ဘုရင်ကြီးက သူ့သားအရင်း ပရာလာဒါကို အဆိပ်ခတ် သတ်တော့တာပေါ့။ ဗိဿနိုး နတ်ဘုရားကို ကိုးကွယ်တဲ့ ပရာလာဒါရဲ့ ပါးစပ်ထဲမှာတော့ အဆိပ်ရည်ဟာ ပန်းဝတ်ရည်အဖြစ် ပြောင်းလဲသွားပြီး ဘာမှ မဖြစ်ဘူးပေါ့။ ဒါကြောင့် နောက်တစ်ခါ ဆင်နဲ့ နင်းသတ်ပေမယ့် သူ့သားကို သတ်လို့ မရပြန်ဘူးတဲ့။ နောက်တစ်ခါကျတော့ အဆိပ်ပြင်းတဲ့ မြွေတွေထည့်ထားတဲ့ အခန်းထဲ ပစ်ထည့်ပြီး သတ်ပေမယ့် သူ့သားက မသေဘူးတဲ့။

    ဖအေလုပ်သူက ဘယ်လိုပဲလုပ်လုပ် သားဖြစ်သူကို သတ်လို့မရတဲ့ အဆုံးမှာ နောက်ဆုံး အစ်မတော်ရဲ့ ရင်ခွင်ထဲမှာ ထားပြီး မီးဖိုထဲ ဆင်းခိုင်းတော့တာပဲ။ ဒါပေမယ့် အစ်မတော်ကလည်း မီးလောင်ပြီး မသေနိုင်တဲ့ ဆုလာဘ်ကို ရထားတော့ ဒီနည်းနဲ့လည်း သားဖြစ်သူကို မသတ်နိုင်ပြန်ဘူး။ ဒါနဲ့ သားဖြစ်သူက ဖခင် နတ်ဘုရင်ရဲ့ အမိန့်ကို နာခံပြီး မီးပုံထဲကို ခုန်ဆင်းတော့တယ်။ ဒါပေမယ့် ဒီတစ်ခါလည်း လွတ်မြောက်သွားပြန်တယ်။ အဲသည်လို မီးဖိုထဲ ခုန်ဆင်းတာက လွတ်မြောက်လာတဲ့ အထိန်းအမှတ်နဲ့ ဟိုလီပွဲတော်ကို ကျင်းပကြတာ ဖြစ်ပါတယ်။
  
  နှစ်စဉ်နှစ်တိုင်းမှာ ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာဟာ ဟိုလီပွဲတော်ကို ပါဝင်ဆင်နွှဲကြပါတယ်။ ပွဲတော်လုပ်တဲ့ ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုးပေါ့။ ရှေးအကျဆုံး ရည်ရွယ်ချက်ကတော့ နွေဦးပေါက်ရာသီကို ကြိုဆိုကြတာပါ။ မူလကတော့ ကောက်နှံတွေ ရိတ်သိမ်းဖို့နဲ့ လယ်ယာတွေ မြေသြဇာကောင်းစေတဲ့ အထိမ်းအမှတ်နဲ့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီချိန်ဒီအခါဟာဆိုရင် ဆောင်းရာသီကို နုတ်ဆက်ခွဲခွာပြီး အရောင်အသွေး အစုံအလင်နဲ့ လှပတဲ့ နွေဦးကို ကြည်နူးခံစားရတဲ့ အချိန်အခါပဲလို့ ဟိန္ဒူတွေက ယုံကြည်ကြပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခု အနေနဲ့လည်း ဒီပွဲကို ကျင်းပကြပါတယ်။ ဘာသာရေးပွဲတော် ဖြစ်ပေမယ့် တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှားရတဲ့ ပျော်စရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတော်တွင်းမှာ မီးဖိုကြီးဖိုတယ်။ တစ်ယောက်နဲ့တစ်ယောက် အရောင်စုံတွေနဲ့ ပက်ဖျန်းကြတယ်။ တကယ့်ကို သည်းသည်းမဲမဲ ပျော်ကြရတဲ့ ပွဲတော်ပါပဲ။
  
  နေရာတော်တော်များများမှာတော့ ဟိုလီပွဲတော်ကို နှစ်ရက်လောက် ကျင်းပကြပါတယ်။ ဟိုလီပွဲတော်ဟာ အသက်အရွယ်ကွာခြားတာတွေ၊ ကျားမ ကွာခြားတာတွေ၊ လူမှုရေးအဆင့်အတန်း ကွာခြားတာတွေ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားတာတွေ ကို ပယ်ရှားပေးပါတယ်။ ဆင်းရဲသားတွေ လူချမ်းသာတွေ ယောက်ျားတွေ မိန်းမတွေဟာ ဟိုလီပွဲတော်ကို အတူတကွ ဆင်နွှဲကြပါတယ်။ ပွဲတော်ရက်မှာတော့ ဘယ်သူမှ သိမ်သိမ်မွေ့မွေ့ မရှိကြပါဘူး။ အားလုံးဟာ ကြမ်းကြမ်းတမ်းတမ်း တွန်းတွန်းတိုက်တိုက် အသည်းအသန် ပျော်ရွှင်ကြတာပါ။ ဟိုလီပွဲတော်မှာ အဓိကကတော့ ရောင်စုံဆေးမှုန့်တွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ပက်ဖျန်း ကစားကြတာမို့ ဟိုလီပွဲတော်ကို အရောင်စုံပွဲတော်လို့လည်း ခေါ်ကြပါတယ်။ 





Tuesday, 26 March 2013

အလွမ်းဒဏ်ကြောင့် ကြွေရတဲ့ သစ်ရွက်ဝါလေးတွေ

 သူ့အတွက် အလွမ်းပြေ ပန်းတွေ တစ်ပွင့်စီချွေကာ မြေမှာ စုထားရရင်ကွယ် ခုများဆို စကားဥပမာ ပြောလို့နှိုင်းရင် တောညို့မှိုင်းတဲ့ မောတို့တိုင်းရဲ့ ရှမ်းတောင်တန်းသဖွယ် လွမ်းယောင်သန်းတဲ့ ပန်းတောင်တန်းတွေ ဖြစ်နေမယ်ထင်တယ်
        
   ဒါကတော့ မာမာအေး ဆိုခဲ့တဲ့ မေ့ဘဝခဏဘယ်သူယူပါ့မယ် ဆိုတဲ့ သီချင်းထဲက စာသားတစ်ချို့ ဖြစ်ပါတယ်။ တစ်ခြားသူတော့ မသိဘူးဗျ။ ဗိုလ်ကောင်းကတော့ ပန်းတောင်တန်းဆိုတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ပန်းမြို့တော်လို့ ခေါ်ကြတဲ့ ပြင်ဦးလွင်တောင်မှ ပန်းတောင်တန်းလို့ ခေါ်ထိုက်တယ်လို့ မထင်ဘူး။ သီချင်းထဲကလို ပန်းတောင်တန်းမျိုး အပြင်မှာ တကယ်ရှိမယ်လို့လဲ မထင်မိပါဘူး။ ဒါကတော့ သီချင်းရေးဆရာ တမင်သက်သက် ဥာဏ်ကွန့်မြူးပြီး ရေးထားတဲ့ အတိဿယဝုတ္တိ အလင်္ကာ သက်သက်ပဲ လို့ ထင်ပါတယ်။ ဒါပေမယ့် သီချင်းလေးကိုတော့ အကြိုက်သားဗျ။ သူ့ကို တစ်ခါလွမ်းတိုင်းသာ ပန်းတစ်ပွင့် ချွေချွေပြီး ပုံထားရင် ပန်းပုံကြီးက ရှမ်းတောင်တန်းကြီးလောက်တောင် ဖြစ်သွားမယ်ဆိုပြီး သူ့အလွမ်းအင်အား ဘယ်လောက်ကြီးမားသလဲ ဆိုတာကို ဖွဲ့ထားတာလေ။
    ဗိုလ်ကောင်းက ညနေညနေဆိုရင် တောအုပ်ထဲမှာ အမြဲတမ်း စက်ဘီးစီးတယ်ဗျ။ တောင်တက်တောင်ဆင်းနဲ့ တောအုပ်ထဲမှာ ဖောက်ထားတဲ့ လမ်းကလည်း ချောမွေ့ ပြေပြစ်ပြီးတော့ စက်ဘီးစီးလို့ သိပ်ကောင်းပေါ့။ လူကလည်းရှင်း ကားကလည်းရှင်း။ ရှုခင်းလေးကလည်း လှမို့ မောတယ်လို့တောင် မထင်ရတဲ့ စက်ဘီးစီး လေ့ကျင့်ခန်းပါ။ တစ်ခုပဲ ရှိတာ။ ဘယ်ချောင်က ကျားထွက်လာမလဲ ဆိုပြီး ချိုးကနဲ ချွတ်ကနဲ အသံကြားရင် အလန့်တကြား လှည့်ကြည့်ရတာက လွဲလို့ပေါ့။ တောအုပ်က အောက်ခြေ သိပ်ရှင်းတာဗျ။ နွယ်ပင်တွေ ခြုံပင်တွေဆိုတာ မတွေ့ရသလောက်ပဲ။ ပြီးရင် သစ်တောလည်း အထိန်းအသိမ်းကောင်းတယ် ပြောရမလား။ သစ်ပင်ခုတ်တာတွေ ဘာတွေလည်း မရှိဘူး ထင်ပါရဲ့။ နောက်ပြီး တောမီးလောင်တာတွေ ဘာတွေလည်း မရှိဘူး ထင်ပါရဲ့။ သစ်ပင်တွေ အောက်ခြေ မှာ အခုလို နွေဦးပေါက်လို့ သစ်ရွက်တွေ ကြွေပြီလား ဆိုမှဖြင့် သစ်ရွက်ဝါ ပင်လယ်ကြီးကို ဖြစ်လို့ပဲ၊ ဘယ်ကိုကြည့်ကြည့် သစ်တောအုပ်ထဲ မျက်စိတစ်ဆုံး မြင်ရသလောက်ကတော့ သစ်ရွက်ဝါ ပင်လယ်ကြီးပဲဗျ။ သူများတွေက ပန်းကော်ဇောတို့ ဘာတို့ ပြောသလို ပြောရရင်တော့ သစ်ရွက်ဝါ ကော်ဇောကြီးပါပဲ၊
           ဗိုလ်ကောင်းကတော့ တစ်ခါမှ မမြင်ဖူးတဲ့ ပန်းတောင်တန်းကြီးကို စိတ်ကူးနဲ့ မတင်စားချင်ဘူးဗျ။ အခု မြက်စိရှေ့မှာ မြင်နေရတဲ့ သစ်ရွက်ဝါ ပင်လယ်ကြီးကို ကြည့်ပြီးတော့ပဲ ပြောပြချင်ပါတယ်။
    ဗိုလ်ကောင်းတစ်ခါလွမ်းတိုင်းမှာ သစ်ရွက်ဝါလေးတစ်ရွက် ကြွေကျပါတယ်။ ဗိုလ်ကောင်းကလည်း အချိန်ရှိတိုင်း လွမ်းနေလို့ သစ်ရွက်တွေကလည်း အချိန်ရှိတိုင်း ကြွေနေတာပါ။ ဗိုလ်ကောင်းရဲ့ အလွမ်းတွေဟာ သစ်တောအုပ်ထဲမှာ ကြွေကျနေတဲ့ သစ်ရွက်ဝါတွေလောက်ကို များပါတယ်။ ချစ်သူရေ မင်းမယုံရင် မင်းနဲ့ အနီးဆုံး သစ်ပင်ကြီးနားကို သွားကြည့်လိုက်ပါ။ ဗိုလ်ကောင်းရဲ့ အလွမ်းလှိုင်းဒဏ်ကြောင့် ချစ်သူရပ်နေတဲ့ နေရာက သစ်ပင်တွေကပါ အရွက်တွေ ကြွေကျလာပါလိမ့်မယ်။ အဲဒါ ဗိုလ်ကောင်းရဲ့ အလွမ်းတွေပါ။ သစ်ရွက်တွေကို ဆက်ပြီး မကြွေစေချင်တော့ဘူး ချစ်သူရယ်။ အလွမ်းသစ်ရွက်ဝါလေးတွေကို အတောင်ပံလုပ်ပြီး ချစ်သူဆီကို အပြေးသာ ပျံလာလိုက်ချင်ပါတော့တယ်။
(26-3-2013)

Friday, 22 March 2013

အင်္ဂလိပ်တွေ ဖောက်ခဲ့တဲ့လမ်း

အင်္ဂလိပ်တွေ ဖောက်ခဲ့တဲ့လမ်း   
    ဒီနေ့သင်ခန်းစာက ဗြိတိသျှတို့ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး တစ်ခြားလူတွေက ဘယ်လိုထင်ကြတယ်၊ တကယ်က ဘယ်လို ရှိတယ်ဆိုတာ ဆွေးနွေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ပြီးတော့မှ မင်းတို့ နိုင်ငံကရော ဘယ်လိုမျိုးလဲ ဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်း အင်္ဂလိပ်လူမျိုးဆိုတာ စည်းကမ်းကြီးတယ်ဆိုပြီး နာမည်ကြီးတဲ့သူမျိုး။ သူတို့ ကိုယ်တိုင်ကလည်း စည်းကမ်းကြီးပြီး အချိန်တိကျတယ်လို့ ဝန်ခံပါတယ်။ ဒါနဲ့ စပ်လျဉ်းပြီး ဆရာမက ဘာပြောသလဲ ဆိုတော့ သူတို့ နိုင်ငံကိုတဲ့ အင်္ဂလိပ်က အနှစ် နှစ်ရာ အုပ်ချုပ်သွားတာတဲ့။ အင်္ဂလိပ်တွေကျန်ခဲ့တာမှန်သမျှ အကောင်းတွေ ချည်းပဲတဲ့။ ဒီနိုင်ငံမှာရှိတဲ့ ရထားလမ်းတွေအားလုံး အင်္ဂလိပ်တွေ ဖောက်သွားတာချည်းပဲတဲ့။ ကားလမ်းတွေဆိုလည်း သူတို့ ဖောက်ခဲ့သမျှ အခုချိန်ထိ အကောင်းတွေ ချည်းပဲတဲ့။ ဒီဘက်ခေတ်မှာ ဖောက်တဲ့လမ်းတွေဟာ သူတို့ ဖောက်ခဲ့တဲ့ လမ်းတွေလောက် မကောင်းဘူးတဲ့။ အင်္ဂလိပ်တွေက သိပ်ရိုးသားတယ်တဲ့။
    ကိုယ့်နိုင်ငံကို ကျွန်ပြုခဲ့တဲ့ လူမျိုးကိုများ ကောင်းတယ်ပြောနေရအောင် ဒီဆရာမ မျိုးချစ်စိတ် ခေါင်းပါးလှချည်လားလို့ ထင်ရင် မှားပါလိမ့်မယ်။ ဗိုလ်ကောင်းတို့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုယ် ချစ်သလို သူတို့လည်း ချစ်တာပါပဲ။ ကိုယ့်အမျိုးကို ချစ်တာက တစ်ပိုင်း။ အကောင်းအဆိုး ဝေဖန်တာက တစ်ပိုင်းပါ။ တကယ်လည်း မှန်ပါတယ်။ ဘယ်ကိုသွားသွား စက်ဘီးကို အားပြုပြီး သွားလာနေရတဲ့ နေရာမှာ လမ်းတစ်ခုက ကောင်းတယ် မကောင်းဘူးဆိုတာ သိပ်ကို သိသာလွန်းပါတယ်။ တောင်တက် တောင်ဆင်းတွေကြားမှာ ဖောက်ထားတာတောင် လမ်းက ချောမွေ့ ပြေပြစ်ပြီး စက်ဘီးနင်းလို့ သက်တောင့်သက်သာ ရှိနေပြီဆိုရင် သေချာပါတယ်၊ အဲဒါ အင်္ဂလိပ် ဖောက်ခဲ့တဲ့လမ်းပါပဲ။ လမ်းတစ်ခုက ချောလည်းမချောမွေ့၊ ကျောက်ခဲစားပြီး စက်ဘီးနင်းရင်တောင် အစာကျေတယ် ပြောရလောက်အောင် ချိုင့်တွေ ခွက်တွေနဲ့၊ အတက်အဆင်းကလည်း မပြေပြစ်၊ လမ်းကွေ့ဆိုလည်း အန္တရာယ်မကင်းဖြစ်နေပြီဆို သေချာပါတယ် အဲဒါ အခုခေတ်မှ ဖောက်တဲ့လမ်းပဲ။
    ဆရာမပြောတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော်က အင်္ဂလိပ်တွေ သိပ်ရိုးသားတာပဲဆိုတဲ့စကားဟာ ဗိုလ်ကောင်းအတွက်တော့ တစ်ခါမှကို မကြားဖူးတဲ့ တွေးလည်း မတွေးဖူးတဲ့ စကားပါပဲ။ အင်္ဂလိပ်ဆိုရင် သူများနိုင်ငံကို မတရား တိုက်ခိုက်သိမ်းပိုက် ကျွန်ပြုတတ်တဲ့ လူမျိုး၊ သူများနိုင်ငံက သူရဲကောင်းကို သူပုန်လို့ နာမည်ဖျက်ပြီး နှိပ်ကွပ်တတ်တဲ့ လူမျိုး၊ သစ်လည်း ခိုးထုတ်သေးတယ် သူတို့ကပဲ လျော်ကြေးတောင်းပြီး ရန်စသေးတဲ့ ယုတ်မာပက်စက်တဲ့လူမျိုး၊ တို့ အထွတ်အမြတ်ထားတဲ့ ဘုရင်ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းပြီး အဝေးကြီးကို ပို့ပစ်တဲ့ လူမျိုး စသည်ဖြင့် အင်္ဂလိပ်ဆိုတာနဲ့ မကောင်းတာတွေပဲ တန်းစီပြီး သိနေခဲ့တဲ့ ဗိုလ်ကောင်းတို့ဟာ အင်္ဂလိပ်တွေရဲ့ ကောင်းတဲ့အချက်တွေ တော်တဲ့ အချက်တွေကို လျစ်လျှူရှုခဲ့မိကြတယ် ထင်ပါရဲ့။
    မိုင်ပေါင်းများစွာ ဝေးတဲ့အရပ်ကနေလာပြီး လူမျိုးလည်းမတူ ဘာသာလည်းမတူ ယဉ်ကျေးမှုလည်းမတူတဲ့ နိုင်ငံတွေကို နှစ်ပေါင်းရာနဲ့ချီပြီး အုပ်ချုပ်နိုင်ခဲ့တယ်ဆိုတာ နည်းတဲ့ အရည်အချင်းလားလို့။ အဲသည်လို အုပ်ချုပ်နိုင်တဲ့ စည်းစနစ်မျိုးကိုမှ ကောင်းတယ် မပြောရင် ဘာကို ကောင်းတယ် ပြောရမှာလဲ။ သူတို့တွေ သူများနိုင်ငံကို သွားအုပ်ချုပ်တယ်ရယ်လို့ ငါတို့ တစ်နေ့တော့ ဒီနိုင်ငံတွေကို စွန့်လွှတ်ပြီး ပြန်ရမှာပဲလို့ ဘယ်မှာ ပြီးစလွယ် စီးစလွယ် လုပ်ခဲ့တာ ရှိလို့လဲ။ လမ်းတွေ တံတားတွေ ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ ဆိုတာ တစ်နေ့တစ်ချိန်တုန်းက ငါတို့ ကျွန်ဖြစ်ခဲ့တယ် ဆိုတာတောင် မရှက်နိုင်ပဲ ဒီနေ့အထိ ရှေးဟောင်း အဆောက်အအုံတွေအဖြစ် တသသ ရှိနေရအောင်ကို ဌာန်ကရိုဏ်းကျကျ ဆောက်ခဲ့တာပဲ မဟုတ်လား။ ရွာတွေ မြို့တွေ ခရိုင်တွေ ဆိုတာလည်း သူတို့ဖွဲ့ပေးခဲ့တဲ့အတိုင်း စခန်းသွားနေရတုန်းပဲ မဟုတ်လား။ ဥပဒေတွေ ဆိုရင်ရော။ မြန်မာလို ဘာသာပြန်ရေးထားတာတွေ ရှိပေမယ့် အခုချိန်ထိ ဥပဒေပြင်ဆင်ချက်ကို အင်္ဂလိပ်လိုပဲ ပြင်နေရတုန်းပဲ မဟုတ်ပါလား။ လွတ်လပ်ရေးရတာ နှစ်ပေါင်း ခြောက်ဆယ်ရှိနေပြီ ဆိုတာတောင် သူတို့ပြဌာန်းခဲ့တဲ့ ဥပဒေတွေ အားလုံးကို မြန်မာလို ပြန်ပြီး မပြဌာန်းနိုင်သေးဘူးမဟုတ်လား။
    အင်္ဂလိပ်ကို ကိုယ့်နိုင်ငံလာအုပ်ချုပ်တာ မကြိုက်ပေမယ့် သူတို့ရဲ့ ကောင်းတဲ့အချက်တွေကို ရအောင် ယူကြဖို့ လိုပါတယ်။ အစိုးရအဆောက်အအုံဆိုရင် ပါးပါးလှပ်လှပ် နဲ့ ကိုယ်ဆောက်ခဲ့တဲ့ အဆောက်အအုံလို့တောင် ကိုယ်မပြောနိုင်တဲ့အဖြစ်၊ ကိုယ်ချမှတ်ခဲ့တဲ့စနစ်ရဲ့ အားသာချက် အားနည်းချက်ကိုတောင် ဝေဖန်မခံနိုင်တဲ့အဖြစ်၊ ကိုယ့်မျိုးရိုးစဉ်ဆက် ဂုဏ်သိက္ခာကို အနီးဆုံးမျိုးဆက်ကတောင် ဂုဏ်မယူနိုင်တဲ့ အဖြစ်တွေကို ရပ်ကြသင့်ပါပြီ။ ပြီးခဲ့တာတွေတော့ ပြီးခဲ့ပါပြီ။ အတိတ်ဆိုတာ တစ်ခါပြန်သွားလို့ ရတဲ့အမျိုးမဟုတ်ပါဘူး။ အနာဂတ်ဆိုတာလည်း ရောက်သေးတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မစိုက်ဖြစ်ခဲ့တဲ့ သစ်ပင်ကို ဒီနေ့မှာ စိုက်ကြပါစို့ရဲ့။ ဒီနေ့ လုပ်ခဲ့တဲ့ အလုပ်အတွက် မနက်ဖြန်မှာ ဂုဏ်ယူကြပါစို့ရဲ့။ မြန်မာဆိုတာ အရည်အချင်းရှိတဲ့လူမျိုး၊ အကောင်းဆုံးအရည်အချင်းနဲ့ အလုပ်လုပ်တဲ့ လူမျိုး၊ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့လူမျိုး၊ လူတွေကို လေးစားတတ်တဲ့ လူမျိုးအဖြစ် ဒီနေ့ပဲ ခင်ဗျားနဲ့ ကျွန်တော် စပြီး တည်ဆောက်ကြပါစို့ရဲ့။ (၂၁-၃-၂၀၁၃)

သူတို့ဆီက ကလေးစစ်သား

 
    ဒီကနေ့ ကျောင်းကို လေ့လာရေး အဖွဲ့တစ်ဖွဲ့ ရောက်လာပါတယ်။ လားလား စစ်သား ယူနီဖောင်း ဝတ်ထားတဲ့ ကလေးလေးတွေပါလား။ ဒီလို နိုင်ငံကြီးက ဘယ်လိုဖြစ်လို့ ကလေးစစ်သားတွေ ရှိနေရတာပါလိမ့်ဆိုပြီး မေးမြန်းလေ့လာကြည့်တော့မှ . . .
 
   နိုင်ငံတော် ကာကွယ်ရေးအတွက် ကလေးဘဝကတည်းက စစ်ပညာတွေ လေ့ကျင့်သင်ကြားပေးမယ် ဆိုပါစို့။ အဲသည်လို လုပ်မယ်ဆိုရင် တရားဥပဒေနဲ့ ညီညွတ်ပါ့မလား။ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ၊ ကလေးအခွင့်အရေးတွေနဲ့များ ညိစွန်းသွားမလား။ ဒီမိုကရေစီ စံနှုန်းတွေနဲ့ရော ကိုက်ပါ့မလား။ ပြီးရင် ပြည်သူလူထုကရော လိုလားပါ့မလား။ ဒီလိုဆိုရင်တော့ လူမျိုးပေါင်းစုံ ဓလေ့ပေါင်းစုံ ဘာသာပေါင်းစုံ ဇာတ်နိမ့်ဇာတ်မြင့်ပေါင်းစုံ စသည်ဖြင့် ရှုပ်ထွေးပွေလီနေတဲ့ ကြားထဲက ဒီမိုကရေစီစနစ်ကို တည်တည်ငြိမ်ငြိမ် ကျင့်သုံးနေနိုင်တဲ့ မြန်မာနိုင်ငံ အနောက်ဘက်က ဒီမိုကရေစီနိုင်ငံကြီးက ကလေးစစ်ကျောင်းတွေကို ဖျက်ပစ်ရတော့မှာပါပဲ။ ဟုတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီလို ကလေးစစ်ကျောင်းမျိုးပေါင်း ပြည်နယ်တစ်ခုကို တစ်ကျောင်းနှုန်းနဲ့ ၂၄ ကျောင်းကျော် ရှိနေလို့ပါပဲ။
  
  ဒီလို ကလေးစစ်ကျောင်းတွေ တည်ထောင်ဖို့ကို ၁၉၆၁ ခုနှစ်က ကာကွယ်ရေးဝန်ကြီး ဗီကေ ခရစ်ရှနာမီနွန်က စတင်စိတ်ကူးရခဲ့ပါတယ်။ အဓိကကတော့ ပြည်နယ်တွေကနေ တပ်မတော် အရာရှိလောင်းတွေ ညီတူညီမျှ မွေးထုတ်ပေးနိုင်အောင်လို့ရယ် ဇာတ်နိမ့်ဇာတ်မြင့်တွေကြားမှာ တပ်မတော်အရာရှိလောင်းများ ညီတူညီမျှ ဖြစ်ခွင့်ရအောင်လို့ရယ် ဆိုပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါမှသာလျှင် အိန္ဒိယအမျိုးသားကာကွယ်ရေးတက္ကသိုလ် နဲ့ အိန္ဒိယရေတပ်တက္ကသိုလ်တို့အတွက် သင်တန်းသားတွေ မျှမျှတတ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်တဲ့။ အခုဆိုရင် ပြည်နယ်တစ်ပြည်နယ်ကို တစ်ကျောင်းနှုန်းနဲ့ ကလေးစစ်ကျောင်း ၂၄ ကျောင်းကျော် တည်ထောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
   
 ကလေးစစ်ကျောင်းတွေဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ရဲ့ ပူးတွဲကြီးကြပ်မှုအောက်မှာ ရှိကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက ကလေးစစ်ကျောင်း  အသုံးစရိတ်အဖြစ် နိုင်ငံတော် ဘဏ္ဍာငွေကနေ ရူပီး သန်းနှစ်ဆယ်စီ ထောက်ပံ့ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော် ကာကွယ်ရေးအင်အား အထူးသဖြင့် အရာရှိအဆင့်များ အင်အားယုတ်လျော့လာတာကို တန်ပြန်ကုစားတဲ့အနေနဲ့ ပေးခဲ့တာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

     ကလေးစစ်ကျောင်းများ တည်ထောင်မယ့် စိတ်ကူးရဲ့ ကနဦးအစမှာ အင်္ဂလိပ်ခေတ်က တည်ထောင်ခဲ့သော ရာ့ရှ်ထရီယာ အိန္ဒိယစစ်ကောလိပ်မှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုထက်တိုင် အသက်ဝင်နေဆဲဖြစ်တဲ့ အဲသည်စစ်ကောလိပ်ဟာ အိန္ဒိယနိုင်ငံအတွက် မြို့ပြဘက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းအကြီးအကဲများ နှင့် အင်္ဂလန်နိုင်ငံ၏ ပုဂ္ဂလိကကျောင်း နည်းစနစ်များကို အမွေပေးခဲ့တဲ့ စစ်ကောလိပ် တစ်ခုဖြစ်ပါတယ်။ ကလေးစစ်ကျောင်းတွေဟာ နိုင်ငံရဲ့ သာမန်မိသားစုဝင် ကလေးများအတွက် ဝင်ငွေနှင့် အဆင့်အတန်း မခွဲခြားဘဲ မြင့်မားသော ပညာရည် ဖြည့်ဆည်းပေးနိုင်သော ကျောင်းများအဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။ ကျောင်းသို့ တက်ရောက်နိုင်သူတွေကတော့ လက်ရှိ စစ်မှုထမ်းဆောင်ဆဲ တပ်မတော်သားများ၏ သားများနှင့် အထူးအခွင့်အရေးအဖြစ် အစိုးရ အရာရှိများ၏ သားများကို တက်ရောက်ခွင့် ပေးထားပါတယ်။

     ကလေးစစ်ကျောင်းများ၏ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကာကွယ်ရေး ကဏ္ဍမှာ ဦးဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ပေးရန် ဖြစ်ပါတယ်။  တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ ဝင်ခွင့်စာမေးပွဲများဖြင့် ထူးချွန်ထက်မြက်ပြီး အလားအလာကောင်းသော ကလေးငယ်များကို ရွေးချယ်ကာ သမားရိုးကျ ကျောင်းသင်ခန်းစာများအပြင် ထပ်ဆောင်း သင်ခန်းစာများဖြင့် ကလေးငယ်များ၏ ကိုယ်ရည်ကိုယ်သွေးကို ဘက်စုံ ဖွံ့ဖြိုးစေရန် သင်ကြား လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။ 

      ကလေးစစ်ကျောင်းများမှာ အားကစားစွမ်းရည် ထက်မြက်အောင်၊ ကျောင်းသင်ပညာရပ်တွေမှာ ထူးချွန်အောင် နှင့် အပိုဆောင်း သင်ခန်းစာများတွင် ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားပေးပါတယ်။ ကလေးစစ်ကျောင်းတွေမှာ အပြေးလေ့ကျင့်ရာ လမ်းများ၊ တောခရီးလမ်းများ၊ ခမ်းမတွင်း အားကစားနည်းများ၊ စစ်ရေးပြကွင်းများ၊ လက်ဝှေ့စင်များ၊ စက်ပစ်ကွင်းများ၊ လှေလှော်ကလပ်များ၊ မြင်းစီးကလပ်များ၊ တောင်တက်အသင်းများ၊ ခြေလျင်တောကြမ်းခရီးထွက် အဖွဲ့များ၊ အတားအဆီး ဖြတ်ကျော်မှု လေ့ကျင့်ခန်းများ၊ ဘောလုံး၊ ဟော်ကီ၊ ခရစ်ကက်အားကစားကွင်းများ၊ ဘော်လီဘောနှင့် ဘတ်စကက်ဘောကွင်းများ ပါဝင်ဖွဲ့စည်း ပေးထားပါတယ်။

    ကျောင်းတွေများကို အဆောင်တွေနဲ့ထားပါတယ်။ အဆောင်နာမည်တွေကတော့ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်များ စသည်ဖြင့် နာမည်ပေးထားတာပါ။ ကျောင်းသားတွေက ကျောင်းအိပ်ကျောင်းစာ တက်ရောက်ရပါတယ်။ နေ့စဉ်အချိန်ဇယားက စစ်သားများ အချိန်ဇယားအတိုင်း ဖြစ်ပါတယ်။ မနက် ကြံ့ခိုင်ရေး အပြေးလေ့ကျင့်တာ စသည်ဖြင့်ပေါ့။ တက်ရောက်နေတဲ့ အတန်းကို မူတည်ပြီး အကြီးတန်း အငယ်တန်း စသည်ဖြင့် သတ်မှတ်ထားပါတယ်။ ကျောင်းဆောင်များအလိုက် အားကစားပြိုင်ပွဲ၊ ကြံ့ခိုင်မှု၊ စာပေပညာ၊ စစ်ပညာ၊ နယ်ကျော်ပြေးပွဲ နှင့် အခြားသော ပြိုင်ပွဲများစွာကို ယှဉ်ပြိုင်ကြရပါတယ်။
    ကလေးစစ်ကျောင်းများကို ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် ကာကွယ်ရေးဝန်ကြီး ဥက္ကဌအဖြစ် ပါဝင်သော ကလေးစစ်ကျောင်း ကြီးကြပ်ရေးအဖွဲ့က ကြီးကြပ်ကွပ်ကဲပါတယ်။
    ကလေးစစ်ကျောင်းများမှာ ခြောက်တန်းမှ ဆယ့်နှစ်တန်းအထိ ကျောင်းပညာရပ်များ သင်ကြားပေးပါတယ်။ ယောက်ျားလေး ကျောင်းသားများကိုသာ လက်ခံပေမယ့် ကျောင်းက ဆရာဆရာမနဲ့ ကျောင်းဝန်ထမ်းများရဲ့ သမီးများကိုလည်း လက်ခံသင်ကြားပေးပါတယ်။ ကျောင်းသားလက်ခံမှု အနေနဲ့ကတော့ ခြောက်တန်းက ကိုးတန်းထိပဲ လက်ခံပါတယ်။ ကျောင်းဝင်ခွင့်အတွက် ရေးဖြေ စာမေးပွဲများကို ဖေဖေါ်ဝါရီလမှာ ကျင်းပလေ့ရှိပြီး ရွေးချယ်ခံရတဲ့ ကျောင်းသားများကို ဧပြီ နဲ့ မေလများမှာ လူတွေ့စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ လုပ်ပါတယ်။ မေလကုန်မှာ အပြီးသတ်အောင်စာရင်းကို ထုတ်ပြန်ပေးပါတယ်။
    ပြင်ပ စာသင်ကျောင်းများလိုပဲ အခြေခံပညာရေး ၁၂ တန်း ပြီးဆုံးတဲ့အခါ ကလေးစစ်ကျောင်းက ကျောင်းသားများဟာ အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ ဗိုလ်လောင်းအဖြစ် ဆက်လက် တက်ရောက်ကြရပါတယ်။ ဒီလို ကလေးစစ်ကျောင်းတွေကနေ အိန္ဒိယတပ်မတော်အတွက် အရာရှိပေါင်း ခြောက်ထောင်ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
    ဗိုလ်ကောင်းတို့ မြန်မာပြည်မှာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် အခုလို ငယ်ရွယ်စဉ်ကတည်းက နိုင်ငံတော် ကာကွယ်ရေးအတွက် ဘက်စုံ အရည်အချင်းထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတွေ လေ့ကျင့်မွေးထုတ်ပေးနိုင်ရင် မကောင်းဘူးလားလို့ စဉ်းစားမိပါတယ်။
(22-3-2013)

Friday, 1 March 2013

ရွာကိုလွမ်းတဲ့ တပို့တွဲလ


ပေါက် လဲ ငုံ ကင်း ထန်းယာဉ်နင်းသည် နှင်းစီစီငယ်နှင့်လေ
ရာသီငယ်မှ မှိုင်းမို့ ဆိုင်းဆိုင်းညို့လို့
တပို့တွဲဆို တမာလည်းနု ကျေးလည်းဥလို့ ရှုတိုင်းငယ်စိုသည်
မြင်းမိုရ်တောင်ထိပ်က လွမ်းရိပ်ကိုခင်း
ပျော်ခင်းငယ်မှသာလှ သည်ချိန်ကျလျင်
တောဝဂနိုင် စုံသာမြိုင်မှာ
မခိုင်ရွက်ညောင်း ကြွေကျပြောင်းလို့
ထောင်းထောင်းငယ်လျှံငွေ့ လောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ အလို သေရချည့်
စိတ်ဖြေလို့ မရနိုင် ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင် ရှင်သိကြားတို့ မာန်ထားရင်းလေ။

ဒါကတော့ ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့ တပို့တွဲလဘွဲ့ ကဗျာတစ်ပုဒ်ပါ။
ဒီနေ့ တပို့တွဲ လပြည့်ကျော် ၁၂ ရက်။ လာမယ့် တနင်္လာနေ့ဆို တပို့တွဲလ ကွယ်လေပြီပဲ။ အမေ့အိမ်မှာ ဆိုရင်တော့ ဒီအချိန် ထမင်းနဲတွေ ထိုးလို့ပေါ့။ တစ်အိမ်က ထမင်းနဲနဲ့ တစ်အိမ်က ထမင်းနဲနဲ့ လဲစားကြလို့ပေါ့။ အေးတဲ့ရာသီဆိုတော့ အဆီအဆိမ့်များတဲ့ ထမင်းနဲကို စားရတယ်သားရဲ့ ဆိုတဲ့ အမေရဲ့ မရိုးနိုင်တဲ့ ဆေးကျမ်းတွေကို နားထောင်ပြီး ထမင်းနဲတွေ စားလို့ပေါ့။ လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ် ဆယ်တန်း ကျောင်းသားဘဝကတော့ ဒီလိုအချိန်မျိုးဟာ လွမ်းစရာ ကောင်းတယ် ဆိုပေတဲ့ ဘယ်မှာ လွမ်းနိုင်ပါ့မလဲ။ ဆယ်တန်းစာမေးပွဲ ဆိုတာကလည်း အင်မတန် နတ်ကြီးတာကလား။ ကျူရှင်တွေဘာတွေ မတက်နိုင်တဲ့ ဗိုလ်ကောင်းတစ်ယောက်၊ စက်ဘီးတွေဘာတွေ မစီးနိုင်တဲ့ ဗိုလ်ကောင်းတစ်ယောက်၊ သူများတွေက ကျောင်းမတက်တော့ဘူး ကျူရှင်က စာပဲ ကျက်တော့မယ်ဆိုပြီး ကျောင်းကို မလာတော့တဲ့ အချိန်မှာတောင် စာမေးပွဲဖြေဖို့ ခုံစီတဲ့နေ့အထိ ကျောင်းကိုသွားပြီး ဆရာတွေ နောက်ဆုံးအချိန်ထိ သင်ကြားပြသပေးတဲ့ စာလေးတွေ ဖတ်မှတ်ပြီး ဆယ်တန်း အောင်ခဲ့ရတဲ့ ဗိုလ်ကောင်း။ အိမ်နောက်က ကမ်းပါးကြီးကဆင်း ကမ်းပါးခြေက သရဲခြောက်တယ်ဆိုတဲ့ တမာပင်ကြီးနားရောက်ရင် သုတ်သုတ် သုတ်သုတ်လျှောက်၊ ရေစပ်စပ်ပဲ ရှိတော့တဲ့ ချောင်းကို ဖိနပ်ကလေးချွတ် လက်မှာကိုင်၊ ပုဆိုးစလေး အသာမလို့ မြေပဲခင်းတွေ ကြံခင်းတွေ ဖြတ်ပြီး ကျောင်းသွားခဲ့ရတဲ့ဗိုလ်ကောင်း။ ရဲရဲနီအောင် ပွင့်နေတဲ့ ပေါက်ပင်တွေ လက်ပံပင်တွေရဲ့ အလှတွေကိုတောင် မခံစားနိုင်ဘဲ ကျက်ထားတဲ့စာတွေကို ပြန်စဉ်းစားရင်း ခွေးကိုက်တတ်တယ်ဆိုတဲ့ တဲစုနားကနေ ကျီးလန့်စာစား ကျောင်းသွားခဲ့ရတဲ့ ဗိုလ်ကောင်း။
အဲသည် ကောင်လေးဟာ နောင် ဆယ့်ခုနစ်နှစ် ကြာပြီးနောက်မှာတော့ တောင်တောင်ရေမြေ သဘာဝ အလှအပတွေ၊ တောဘွဲ့တောင်ဘွဲ့ ကဗျာလေးတွေ၊ သစ်ရွက်ဝါလေးတွေ၊ ငှက်အော်သံလေးတွေ၊ လိပ်ပြာလေးတွေ၊ မှိုင်းမှုန်ပြာဝေနေတဲ့ တောင်ပြာတန်းကြီးတွေ၊ ရေပြင်ပေါ်ကို သစ်ရွက်ဝါလေးတစ်စ ကြွေကျသွားလို့ ဖြစ်လာတဲ့ ရေလှိုင်းလေးတွေ၊ လူတွေ့ရင် လန့်လန့်ပြီး ပြေးတတ်တဲ့ ရှဥ့်ကလေးတွေကို ချစ်တတ်တဲ့ ဗိုလ်ကောင်းဖြစ်လာခဲ့ပါပြီ။ ဒီလို ချစ်တတ်ခဲ့တာလည်း တက္ကသိုလ် ဘုန်းနိုင်တို့ မောင်စိန်ဝင်းတို့ ဇော်ဂျီတို့ ဝီလီယံဝပ်သ်ဝပ်တို့ ခင်နှင်းယုတို့ ဂျူးတို့ ရဲ့ စာတွေပေတွေ ပယောက မကင်းသလို သိပ်လှတဲ့ ချောင်းလေးရယ် သိပ်လှတဲ့ လယ်ယာကွင်းပြင်တွေရယ် နွေဦးပေါက်ရင် ပွင့်တတ်တဲ သိပ်လှတဲ့ ပန်းတွေရယ်ရှိတဲ့ သိပ်လှတဲ့ ရွာလေးမှာ မွေးဖွားကြီးပြင်းခဲ့တာအပြင် စာကျက်တာငြီးငွေ့လာရင် သီချင်းဆိုပြီး အငြီးဖြေပေးတတ်တဲ့ အမေ့ရဲ့ ကျေးဇူးတွေကြောင့်လည်း ပါတာပေါ့။ ဒါတင်မက ပန်းမြို့တော်လို့ တင်စားကြတဲ့ မြို့လေးမှာ သုံးနှစ်သုံးမိုး ပညာသင်ကြား ခဲ့ရတာ၊ ကန့်ကော်တောတွေ အဓိပတိလမ်းတွေ ပုဂံလမ်းတွေ တောင်ငူဆောင်တွေ ဂျပ်ဆင်တွေနဲ့ တန်ဆာဆင်ထားတဲ့ အိပ်မက်ထဲက တက္ကသိုလ်ကြီးကိုလည်း သုံးနှစ်သုံးမိုး တက်ခွင့် ကြုံခဲ့တာတွေကြောင့် ကိုယ့်သူငယ်ချင်း ရဲဘော်ရဲဘက်တွေ ပင်ပင်ပန်းပန်း တာဝန်ထမ်းဆောင် နေကြချိန်မှာ ဗိုလ်ကောင်းတို့က သက်တောင့်သက်သာနဲ့ စာပေအရသာ သဘာဝတောတောင်ရေမြေ အရသာတွေကို ကောင်းကောင်း မြည်းစမ်းခွင့် ရခဲ့တာမို့ ဗိုလ်ကောင်းမရှိတဲ့အချိန်မှာ ဗိုလ်ကောင်းအလုပ်ကို ပိုလုပ်ပေးတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ကျေးဇူးတွေလည်း အများကြီး ပါသပေါ့။
မွေးရပ်မြေက လှသလို အခု ရောက်နေတဲ့ နေရာကလည်း တော်တော်ကို လှတဲ့ နေရာတစ်ခုပါပဲ။ အင်္ဂလိပ်မင်းများ အုပ်စိုးစဉ်အခါက တောင်ပေါ် အပန်းဖြေစခန်း မြို့လေးအဖြစ် တည်ခဲ့တဲ့ နေရာဆိုတော့ မလှဘဲ နေပါ့မလားဗျာ။ ရေတံခွန်တွေ တောင်ကမ်းပါးတွေ ကုန်းဆင်းကုန်းတက်တွေ ရေကန်တွေ သစ်တောတွေ ပြီးတော့ သစ်တောထဲကို လှည့်ပတ်သွားလာလို့ရတဲ့ ချောမွေ့ပြေပြစ်တဲ့ လမ်းတွေ တောင်ကုန်းမြင့်မြင့်တွေထက်မှာ ဆောက်ထားတဲ့ အိမ်လှလှလေးတွေ၊ ကျောက်ဂူတွေ၊ ရှေးရှေးအခါက သချိုင်းဂူတွေ၊ အေးမြသာယာတဲ့ ရာသီဥတု၊ ပုံမှန်လည်ပတ်နေတဲ့ အချိန်ဇယား၊ စတဲ့ အကြောင်းပေါင်းစုံ တိုက်ဆိုင်လာတဲ့အခါကျတော့ တောအလှ တောင်အလှကို ကောင်းကောင်း ခံစားလို့ရတဲ့ အနေအထားကို ရောက်လာပါတော့တယ်။
မနက်အိပ်ယာနိုး ရေမိုးချိုး၊ သိုးဆောင်းတို့ဓလေ့အတိုင်း မနက်စာစားပြီးတဲ့အခါ ကျောင်းကားပေါ်တက် ကျောင်းသွား၊ နေ့လည် ဆယ့်တစ်နာရီထိုးရင် မုန့်တစ်ခုနဲ့ လက်ဖက်ရည်တစ်ခွက်သောက်၊ အတန်းဆက်တက်၊ နေ့လည် နှစ်နာရီအတန်းပြီးတဲ့အခါ အဆောင်ပြန်လာ နေ့လည်စာစား။ ဒါပြီးရင်တော့ ဗိုလ်ကောင်းရဲ့ ကိုယ်ပိုင်ချိန် ရောက်ပါပြီ။ အဆောင်မှာ ခဏတဖြုတ် နားပြီးတာနဲ့ ညနေ သုံးနာရီခွဲလောက်ဆို စက်ဘီးလေးစီးပြီး ဗိုလ်ကောင်း စထွက်ပါလေပြီ။ သူငယ်ချင်းတွေနဲ့ အတူတူသွား တစ်ခါတစ်လေတော့လည်း တစ်ယောက်တည်းသွား။ တစ်ခါကတော့ သွားရင်းသွားရင်းနဲ့ ဆက်သွားခွင့်မပြုတဲ့ နေရာအထိ ရောက်သွားတယ်။ ဘာလို့ ဆက်သွားလို့ မရတာလဲ ဆိုတော့ ကျားအန္တရာယ် ရှိလို့ပါတဲ့။ ဟုတ်သားပဲ ကျားထိန်းသိမ်းတဲ့ အမျိုးသားဥယျာဉ်ကြီးထဲမှာ တည်ထားတဲ့ မြို့ဆိုတော့ ကျားရှိပေမပေါ့။ ဟဲဟဲ မသိလို့နော်လို့ ပြောပြီး ခပ်သုတ်သုတ် ပြန်ပြေးလာရတယ်။ ဆပ်ကပ်ထဲက ကျားဟုတ်ဘူးနော် တောထဲမှာ သဘာဝအတိုင်းနေတဲ့ ကျားဆိုတော့ သိတယ်မလား၊ ဗိုလ်ကောင်း သဘာဝအလှအပကို ချစ်တတ်ပေမယ့် ကျားတော့ ကြောက်တယ်ဗျ။ နောက်နေ့ ကျောင်းရောက်တော့ ဆရာမကိုပြောပြတာ ဒေသခံ ဆရာမက စိုးရိမ်တကြီး သတိပေးရှာတယ် သတိထားပါ ဗိုလ်ကောင်းတဲ့။ နောက်နေ့ကျတော့ အဲဒီလို လျှောက်သွားရအောင်ဆိုပြီး သူငယ်ချင်းကို ခေါ်တာ လိုက်တော့ဘူးဗျ။
အခုတော့ ဗိုလ်ကောင်း လွမ်းနေရပါပြီ။ အိမ်မှာ ကျန်ခဲ့တဲ့ ကဗျာစာအုပ်လေးကို လွမ်းတာပါ။ တက္ကသိုလ် ပထမနှစ် ဒုတိယနှစ်အတွက် ပြဌာန်းတဲ့ မြန်မာကဗျာလက်ရွေးစင် ဆိုတဲ့ စာအုပ်လေးကို လွမ်းတာပါ။ အိမ်မှာတုန်းက ခေါင်းအုံးဘေးမှာ ထားအိပ်တဲ့ စာအုပ်လေး အခုလို စိတ်အေးချမ်းသာ ရှိတုန်းမှာ ဖတ်ချင်လိုက်တာ။ အေးချမ်းဆိတ်ငြိမ်တဲ့ တောအုပ်ထဲသွားပြီး ကဗျာစာအုပ်လေးနဲ့ ငြိမ့်နေချင်တာ အခုတော့ ကဗျာစာအုပ်လေးကိုပဲ လွမ်းနေရပါတော့တယ်။
— in Pachmarhi, Madhya Pradesh.

Thursday, 28 February 2013

ဒီမိုကရေစီ မျောက်နိုင်ငံတော်

ဒီမိုကရေစီ မျောက်နိုင်ငံတော်
    ကျွန်တော်တို့မြို့ဟာ ကျားထိန်းသိမ်းရေး ကာကွယ်တော အမျိုးသားဥယျာဉ်ကြီးထဲမှာ ရှိနေတဲ့မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ကျားကို ထိန်းသိမ်းသလို မျောက်ကိုလည်း ကာကွယ်ထိန်းသိမ်းထားပါတယ်။ မြို့ထဲမှာ ဘေးမဲ့ပေးထားတဲ့ နွားတွေ၊ ကဲချင်တိုင်း ကဲနေတဲ့ မျောက်တွေ မတွေ့ချင် မမြင်ချင်တဆုံးပါပဲ။ မျောက်အမျိုးအစားကလည်း တော်တော်စုံပါတယ်။ တစ်ခါတစ်ခါ မြို့ထဲပြထဲမှာ မျောက်တွေ များလာလို့ အကုန်လုံးဖမ်းပြီး တောထဲ ပြန်ပြန်ပို့ရပါသတဲ့။ ပြန်ပို့လည်း တဖြည်းဖြည်းနဲ့ ပြန်ရောက်လာတာပါပဲတဲ့။ ဒီနေရာမှာ ကျားကို သတ်ခွင့် မရှိသလို မျောက်ကိုလည်း သတ်ခွင့် မရှိပါဘူး။ လူ့ပယောကကြောင့် မျောက်တစ်ကောင် သေတယ်ကြားရင် ရုပ်ရှင်ထဲကလို ရဲတွေ ရောက်လာမှာပါ။ ပြီးခဲ့တဲ့ အပတ်စဉ်က ကျောင်းသားတစ်ယောက် ခဲနဲ့ ခြောက်ပစ်ပစ်လိုက်တာ မျောက်ကိုမှန်ပြီး သေသွားလို့ ရဲစခန်းက မလာခင် အသာလေး မြေမြှပ်ပစ်လိုက်ရတယ်ဆိုပဲ။
    မျောက် သူ့ဘာသာ နေတာ ဘာလို့ ခဲနဲ့ ပစ်ရသလဲလို့ မေးချင်တာလား။ မျောက်က သူ့ဘာသာ မနေပါဘူး။ အဆောင်နားပတ်ဝန်းကျင် သစ်ပင်တွေမှာ သူတို့ပဲ ကြီးစိုးနေတာပါ။ မနက် မိုးမလင်းသေးဘူး ကိုယ်တော်တို့က ခေါင်မိုးပေါ်မှာ တဂျိမ်းဂျိမ်း ပြေးလွှားနေကြပါပြီ။ မနက်စောစောများ အိပ်ယာထချင်ရင် နှိုးစက်ပေးစရာ မလိုပါဘူး။ ကျေးဇူးရှင်တွေက အလိုက်တသိ နှိုးပေးပါတယ်။ ပန်းခြံထဲမှာလည်း သူတို့ပါပဲ။ သူတို့ဘာသာ အေးအေးလူလူ ဆော့နေရရင် ကဲချင်တိုင်း ကဲနေရရင်သာ အသံမထွက်တာပါ။ သူတို့ကိုများ သွားစရင် လူကိုတောင် ရန်ပြန်လုပ်ချင်တဲ့ အကောင်တွေပါ။ မျောက်ဆိုတဲ့အကောင်က လူနဲ့တူလို့လားမသိဘူး။ သိပ်ကို လည်တဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အိမ်တစ်အိမ်ထဲကိုများ ဝင်တော့မယ်ဆိုရင် အရင်ဆုံး ချောင်းကြည့်လိုက်ပါသေးတယ်။ အိမ်ထဲမှာ မိန်းမသားချည်းပဲ ရှိတယ်ဆိုရင် ပိုင်စိုးပိုင်နင်း ဝင်ပြီး လုပ်ချင်ရာလုပ်တော့တာပါ။ မိန်းမတွေက သူတို့ကို ကြောက်တတ်တယ်ဆိုတာ သိနေလေတော့ အိမ်ထဲဝင်ရင်တောင် ခိုးကြောင်ခိုးဝှက် မဝင်ပါဘူး။ အိမ်ကြီးရှင်ဟန်ပန်နဲ့ဝင်ပြီး တစ်အိမ်လုံးကို စိမ်ပြေနပြေ မွှေနှောက်တော့တာပါပဲ။ မွှေလို့နှောက်လို့ အားရမှ စားစရာရှိတာစားပြီးလို့ ဝမှ လက်ထဲမှာ နိုင်သလောက်သယ်ပြီး အေးအေးလူလူ ပြန်ထွက်ပါသတဲ့။ အိမ်ထဲမှာ ယောက်ျားသားများရှိရင်တော့ မောင်မင်းကြီးသားတို့က အနားတောင် မသီဘူးဆိုပဲ။
    မြို့ပတ်ဝန်းကျင်မှာက လည်စရာပတ်စရာ လှလှပပနေရာတွေ အများကြီး ရှိပါတယ်။ တစ်နေရာသွားလည်တော့မယ်ဆိုရင် အဲသည်နေရာမှာ ကျားရှိသလား မျောက်သောင်းကျန်းသလား အရင်စုံစမ်းရပါတယ်။ ကျားကတော့ လူတွေနားကို လာခဲလို့ ကိစ္စမရှိဘူးဆိုပေမယ့် မျောက်ကတော့ ကိစ္စရှိပါတယ်။ မျောက်ကိုသတ်ရင်သာ မျောက်သတ်မှုဆိုပြီး ဖမ်းပေမယ့် ခင်ဗျား ပိုက်ဆံအိတ် ဒါမှမဟုတ် ကျောပိုးအိတ် ဒါမှမဟုတ် စားစရာမုန့်ထုပ်ကို မျောက်က အလစ်သုတ်သွားရင် အဲသည်မျောက်ကို ဖမ်းပြီး တရားစွဲနိုင်တဲ့ ဥပဒေ ဒီမှာ မရှိပါဘူး။ သူတို့ကမှ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့ တကယ့် ဒီမိုကရေစီ မျောက်တွေဖြစ်ပါတယ်။ မျောက်တို့စံပျော်ရာ ဒီမိုကရေစီ လောကကြီးမှာ အကာအကွယ်ပေးတဲ့ ဥပဒေသာရှိပြီး ဖိနှိပ်တဲ့ ဥပဒေ မရှိလို့ ဒီမိုကရေစီ နိုင်ငံရေးသမားတွေ လာရောက်လေ့လာလှည့်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ 
    မျောက်တို့ရဲ့ ဒီမိုကရေစီထွန်းကားရာအရပ်မှာ လာနေမိတဲ့ လူများအဖို့ကတော့ ဘာပဲလုပ်လုပ် မျောက်ရန်က လွတ်အောင် လုပ်ရပါတယ်။ သစ်ပင်စိုက်ရင် သံဇကာနဲ့ လုံအောင် ကာရတယ်။ ခေါင်မိုးပေါ်မှာ ဂြိုဟ်တုစလောင်းတင်ရင် အပေါ်က သံဇကာတွေ သံဆူးကြိုးတွေ အုပ်ရတယ်။ ကင်းသမားတစ်ယောက်ဟာ မသမာသူကို စောင့်ကြည့်ရုံသာမက မျောက်မောင်းတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ရတာပါ။ ကင်းသမားမှန်လျှင် တုတ်ရှည်ရှည်တစ်ချောင်း ကိုင်ဆောင်ထားရမည်လို့များ တည်မြဲအမိန့်ထဲ ထည့်ရေးထားသလားတော့ မသိပါဘူး။ တုတ်ကိုင်ကင်းသမားရဲ့ အဓိက လုပ်ငန်းတာဝန်ကြီးနှစ်ရပ် ရှိတဲ့အနက် အရာရှိတွေ့ရင် အလေးပြု။ မျောက်တွေ့ရင် မောင်း ဆိုတဲ့ တာဝန်တွေကို အလေးအနက်ထား ထမ်းဆောင်ကြတာ တွေ့ရပါတယ်။ ကင်းသမားတွေ မျောက်မောင်းတာကလည်း တစ်ခါတစ်လေ ရယ်စရာလည်း ကောင်းသလို တစ်ခါတစ်လေကျတော့ သနားစရာကောင်းပါတယ်။ ဟိုကျေးဇူးရှင်က ဖတ်ဖတ်ဆို သစ်ပင်ပေါ် တက်ပြေးတော့ တုတ်ကိုင်ထားတဲ့ စစ်သားရင့်မာကြီးတွေခမျာ သစ်ပင်ပေါ်ပဲ လိုက်တက်ရတော့မလို ခဲနဲ့ပဲ ကောက်ပစ်ရတော့မလို ဗျာများတာတွေကို ဗိုလ်ကောင်းသာ သစ်ပင်ပေါ်တက်ပြေးတဲ့ မျောက်ဆိုရင် ဟားတိုက်ပြီး ရယ်မိမှာပဲ။ အခုတော့ ဗိုလ်ကောင်းက အောက်က လိုက်နေတဲ့ တုတ်ကိုင်စစ်သားကြီးနဲ့ မျိုးနွယ်တူ လူဖြစ်နေတော့ ရယ်စရာကောင်းပေမယ့် ကိုယ့်အမျိုးချင်းပဲ ဘက်လိုက်ပြီး သနားနေမိပါတော့တယ်။
    ဒီမှာ မျောက်ကို နတ်ဘုရားတစ်ပါးအဖြစ် ကိုးကွယ်ကြတာလည်း ရှိပါတယ်။ ဗိုလ်ကောင်းတို့ စွဲလမ်း နှစ်ခြိုက်ခဲ့ရတဲ့ ရာမ လက္ခဏာ သီတာဒေဝီတို့ ဒသဂီရိတို့ ဇာတ်လမ်းထဲမှာ ပါတဲ့ ဟာနုမာန်မျောက်ကို ကိုးကွယ်ကြတာ ဖြစ်ပါတယ်။ အဲသည် ယုံကြည်မှုတစ်ခု ရှိနေလို့လည်း မျောက်တွေ ဒီလောက်ထိ ကဲချင်တိုင်း ကဲခွင့် ရနေတာထင်ပါရဲ့။ သြော် လူတွေများ ယုံမိပြီဆိုရင် ဘယ်လိုမှကို အဆိုးမမြင်ကြတော့ပါလားလို့တောင် တရားကျမိပါတယ်။ (28-2-2013)

Tuesday, 26 February 2013

ဗိုလ်ကောင်းတို့ တုံးလိုက်ပုံက

ဗိုလ်ကောင်းတို့ တုံးလိုက်ပုံက
ဒီနေ့ကျောင်းမှာ စကားပြော သင်ခန်းစာတစ်ခု လုပ်ရပါတယ်။ အကြောင်းအရာက ဒီလိုပါ။ ဒီမြို့မှာရှိတဲ့ အကျဉ်းထောင်က လူသိပ်များနေပါသတဲ့။ ဒါကြောင့် နေသာထိုင်သာရှိအောင် လူလျှော့ရပါမယ်တဲ့။ လူသိပ်များတယ်ဆိုလို့ အများကြီးမမှတ်ပါနဲ့။ ငါးယောက်တည်းပါ။ အဲသည် ငါးယောက်ထဲက တစ်ယောက်ကို မလွဲမသွေ ပြန်လွှတ်ပေးရပါမယ်။ ဗိုလ်ကောင်းတို့က တရားသူကြီးအနေနဲ့ ဘယ်သူ့ကို လွှတ်ပေးသင့်တယ်ဆိုတာ ဆုံးဖြတ်ပေးရမှာပါ။ ကိုယ်လွှတ်ပေးသင့်တယ်ထင်တဲ့ အကျဉ်းသားအတွက်လည်း ဘာလို့ လွှတ်ပေးသင့်တယ်ဆိုတာ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ လျှောက်လဲရမှာပါ။ အကျဉ်းသား ငါးယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း အတန်အသင့် ဖော်ပြပေးထားပြီး အဲသည် အချက်တွေအပေါ်မှာ အခြေခံ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သင်ခန်းစာ ဖြစ်တဲ့အတွက် မရှုပ်ရှုပ်အောင်တော့ လုပ်ထားတာပေါ့ဗျာ။ တစ်ယောက်စီ တစ်ယောက်စီဟာ လွှတ်ပေးသင့်တယ်ထင်ရပေမယ့် ကန့်ကွက်မယ်ဆိုလည်း ကန့်ကွက်စရာအချက်လေးတွေ ထည့်ပေးထားတာပေါ့။ အမှန်က စကားပြောသင်ခန်းစာဆိုတော့ စကားမများများအောင် လုပ်ထားတာပါပဲ။ ကျောင်းသားတစ်ယောက်က အကျဉ်းသားတစ်ယောက်ကို ထောက်ခံဆွေးနွေးတယ်ဆိုရင် နောက်တစ်ယောက်က အကျိုးအကြောင်းပြပြီး ပယ်ချလိုက်။ တစ်ယောက်က အဆိုပြုလိုက် နောက်တစ်ယောက်က ပယ်ချလိုက်နဲ့။ သဘောတူညီချက် ရတယ်လို့ကို မရှိပါဘူး။ ကဲ တော်တော်လေးလည်း ဆွေးနွေးပြီးသွားပြီ။ တစ်ခန်းလုံးလည်း ဆူညံပွက်လောရိုက်လို့။ ဆရာကတော့ သဘောကျတာပေါ့။ သင်ခန်းစာကိုက စကားမများများအောင် လုပ်ထားတဲ့ သင်ခန်းစာဆိုတော့ ကျောင်းသားတွေ စကားများများပြောလေ ဆရာက ကြိုက်လေပဲ။ ကျွန်တော်တို့တွေ တစ်ယောက်ယောက်ကို အငြင်းအခုံမရှိ သဘောတူသွားမှာကိုတောင်စိုးရိမ်တဲ့ပုံပဲ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပဲ။ ဒီအရည်မရ အဖတ်မရ စကားပြောသင်ခန်းစာကို တကယ်ကြီးလိုလုပ်ပြီး ငြင်းကြခုံကြ ဆွေးကြနွေးကြ စကားများကြ။ လက်သီးလက်မောင်းတွေတန်းကြ။ ဒီလိုနဲ့ သင်ခန်းစာက သုံးရက်တောင် ကြာသွားပါတယ်။ ဗိုလ်ကောင်းတို့မှာ ကိုယ်ရွေးထားတဲ့ အကျဉ်းသားဘက်က ခုခံကာကွယ်ပြောနေလိုက်ကြတာ။ ပိုက်ဆံတွေ တစ်လှေကြီးရထားတဲ့ ရှေ့နေတွေလားကျလို့။ သင်ခန်းစာပြီးမှ စဉ်းစားမိတယ်။ ငါတော်တော်ညံ့သေးတဲ့ ရှေ့နေပါလားလို့။ တကယ်လို့သာ ငါ့အကျဉ်းသားကို ယုံကြည်ချက်ကြောင့် ဘာကြောင့် ညာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေပေး။ သူ့ဟာသူ အကျင့်စာရိတ္တမကောင်းလို့ အကျဉ်းကျနေတာကိုပဲ ဖိနှိပ်ခံရသယောင်ယောင်တွေ လျှောက်လဲချက် ပေးတတ်ရင် ဗိုလ်ကောင်းရွေးထားတဲ့ အကျဉ်းသားက နေရင်းထိုင်ရင်း နိုင်ငံရေးအကျဉ်းသား စာရင်းထဲဝင်သွားပြီး လွတ်စေသတည်းဖြစ်သွားမှာကို စောစာက မတွေးမိဘဲ စာအုပ်ကြီးထဲကအတိုင်း လျှောက်စဉ်းစားပြီး ပလီစိချောက်ချက်တွေ လျှောက်ပြောနေခဲ့မိတယ်။ တော်တော်တုံးတဲ့ ဗိုလ်ကောင်း။ (26-2-2013)
— in Pachmarhi, Madhya Pradesh.

Sunday, 24 February 2013

သမ္မတအလံတော်နေ့

 ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ဟာ ကျွန်တော်တို့ကျောင်းရဲ့ သမ္မတအလံတော်နေ့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေထဲက နှစ်တစ်နှစ်တာမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့ကို နိုင်ငံတော် သမ္မတက သမ္မတအလံတော် အပ်နှင်းလေ့ရှိပါတယ်။ သမ္မတအလံတော်ကို နိုင်ငံတော်သမ္မတကိုယ်တိုင် တပ်ကိုအရောက် လာရောက်အပ်နှင်းခြင်း ဖြစ်ပါတယ်။ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှုတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ကျွန်တော်တို့ကျောင်းဟာ သမ္မတအလံတော်ကို တစ်ကြိမ် လက်ခံရရှိခဲ့ဖူးပါတယ်။ အဲသည်လို သမ္မတအလံတော် ရရှိခဲ့တဲ့ အထိမ်းအမှတ်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပါတယ်။ ဒီနှစ်မှာလည်း ခါတိုင်း နှစ်တွေလိုပဲ သမ္မတအလံတော်အထိမ်းအမှတ်ပွဲကို ခမ်းခမ်းနားနား ကျင်းပပါတယ်။ ပထမပိုင်းက ယဉ်ကျေးမှု ပဒေသာကပွဲဖြစ်ပြီး ဒုတိယပိုင်းက ညစာစားပွဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ပဒေသာကပွဲကို တက်ရောက်လာတဲ့ တပ်မတော်ပညာရေး ညွန်ကြားရေးမှူး ဗိုလ်ချုပ် နဲ့ ဇနီးတို့က ဆီမီးထွန်းညှိ ဖွင့်လှစ်ပေးပါတယ်။ ပထမဆုံး ဆုတောင်းသီချင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ပါတယ်။ ဒုတိယအစီအစဉ်ကတော့ တိုင်းရင်းသူနဲ့ တိုင်းရင်းသား အကဖြစ်ပါတယ်။ မြူးမြူကြွကြွနဲ့ ကြည့်ကောင်းလှပါတယ်။ အဲသည်နောက်မှာတော့ ပြည်သူ့ဆက်ဆံရေး အဖွဲ့ရဲ့ တစ်ခန်းရပ် ဟာသပြဇာတ်ဖြစ်ပါတယ်။ ဘာတွေပြောနေကြမှန်း မသိပေမယ့် သူတို့ ရယ်တော့ လိုက်ရယ်ရတာ တော်တော် ရယ်ရပါတယ်။ စစ်သားနှစ်ယောက် ဘူတာမှာ ရထားစောင့်ရင်း မူးမူးနဲ့ အိပ်ပျော်သွားကြတာကို သရုပ်ဖော်ထားတာပါ။ ထိုင်ဆိုအဖွဲ့ရဲ့ ဖျော်ဖြေမှု အပြီး တင်ဆက်တဲ့ ကြက်ဖအော်သံယိမ်းအဖွဲ့ကတော့ ကလေးရော လူကြီးပါ အကြိုက်တွေ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြားဖူးနေကျ ကြောင်အော်သံ ခွေးအော်သံတွေနဲ့ သီချင်းသံစဉ်လေးတွေ ဖန်တီးထားသလိုမျိုး အခုကတော့ ကြက်အော်သံဖြစ်ပါတယ်။ သံစဉ်လေးကလည်း ရယ်စရာကောင်း အကကလည်း ရယ်စရာကောင်းဆိုတော့ ဒီနေ့ပွဲမှာ ပရိသတ် အားပေး အခံရဆုံး အစီအစဉ်ဖြစ်သွားပါတယ်။ ကျွန်တော်အကြိုက်ဆုံး အစီအစဉ်ကတော့ နိုင်ငံတော်အလံကို ဝှေ့ယမ်းပြီး သီချင်းဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သီချင်းကို နားမလည်ပေမယ့် တင်ဆက်ပုံကို ကြည့်ရတာနဲ့တင် မျိုးချစ်စိတ်နဲ့ ဇာတိသွေး ဇာတိမာန် တက်ကြွစေတဲ့ သီချင်းတစ်ပုဒ်အဖြစ် ခံစားရပါတယ်။ ကြည့်နေရင်းနဲ့တောင် အမိနိုင်ငံတော်အလံကို မြင်ယောင်လာပြီး လွမ်းမိပါသေးတယ်။ တယောတီးခတ်ဖျော်ဖြေမှုအပြီးမှာ တင်ဆက်တဲ့ အကကိုတော့ ကိုကြီးကျော်နတ်ယိမ်းလို့ပဲ နာမည်ပေးလိုက်ပါတယ်။ ကိုကြီးကျော်နဲ့ တော်တော်ကိုတူတဲ့ အရောင်အသွေး ဝတ်စားဆင်ယင်မှု နဲ့ မြူးမြူးကြွကြွ အကတွေကိုကြည့်ရင်း တို့ကိုကြီးကျော်က ဒါမျိုးအရင်ဝတ်သလား သူတို့က အရင်ဝတ်သလားလို့တောင် တွေးမိပါသေးတယ်။ နောက်ဆုံးအစီအစဉ်ကတော့ အားလုံးစုပေါင်းပြီး ဆိုကြကကြတဲ့အစီအစဉ်မို့ သူတို့မှာလည်း မန်းတောင်ရိပ်ခိုသီချင်း ရှိသားပဲလို့ အောက်မေ့မိလိုက်ပါတယ်။ ဖျော်ဖြေမှုအားလုံး အပြီးမှာ ကြွရောက်လာကြတဲ့ လူကြီးမင်းများနဲ့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့အစီအစဉ်ဖြစ်ပါတယ်။ ဗိုလ်ကောင်းလည်း ဘယ်နေလိမ့်မတုန်း၊ သူတို့နဲ့တွဲပြီး ဓာတ်ပုံ ရိုက်ဖြစ်အောင် ရိုက်လာခဲ့ပါသေးတယ်။ ဒုတိယပိုင်းကတော့ ညစာစားပွဲ အစီအစဉ် ဖြစ်ပါတယ်။ သူတို့ ရဲ့ ညစာစားပွဲဟာ စီတာစဉ်တာ စနစ်ကျန သပ်ရပ်လှပေမယ့် အခမ်းအနားမဆန်လှပဲ နွေးနွေးထွေးထွေး ပျူပျူငှာငှာ ရှိလှပါတယ်။ ပျော်စရာလည်း ကောင်းလှပါတယ်။ ကျောင်းရှေ့က မြက်ခင်းပြင်ကြယ်ကြီးကို ပတ်ပြီး တပ်ခွဲလိုက် မဏ္ဍာပ်တွေ ထိုးထားပါတယ်။ အလယ်က မြက်ခင်းပြင်ကျယ်ကြီးကို အားလုံး မျက်နှာမူလို့ပေါ့။ မဏ္ဍာပ်ထဲမှာ ခုံတွေ ခင်းထားပြီး မဏ္ဍာပ်ရှေ့မှာလည်း ခုံတွေကို မဏ္ဍာပ်ဘက်မျက်နှာမူ စက်ဝိုင်းခြမ်းပုံးခင်းထားပါတယ်။ မဏ္ဍာပ်ထဲမှာ မိသားစုနဲ့ မှီခိုတွေ ထိုင်ကြပြီး အပြင်မှာတော့ ယောက်ျားတွေ ထိုင်ကြပါတယ်။ ခဏနေတော့ ဗန်းလေးတွေနဲ့ ဖျော်ရည်ယမကာတွေ အမြည်းတွေ လာပေးပါတယ်။ ခွက်ကလေးတွေ ကိုယ်စီကိုင်ပြီး သောက်ကြစားကြ စကားပြောကြပေါ့။ အင်မတန်မှ နွေးနွေးထွေးထွေး ရှိပါတယ်။ ကျောင်းက ဌာနမှူးတွေ ဆရာ ဆရာမတွေ တပ်ခွဲမှူးတွေ စသည်ဖြင့် သက်ဆိုင်ရာ တပ်ခွဲအလိုက် ရင်းရင်းနှီးနှီးခင်ခင်မင်မင် ပြောကြဆိုကြတာ ဖြစ်ပါတယ်။ ခဏနေတော့ ကျောင်းကို ရောက်နေတဲ့ ပညာရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်က တစ်မဏ္ဍာပ်ပြီး တစ်မဏ္ဍာပ် လိုက်နှုတ်ဆက်ပါတယ်။ နိုင်ငံရပ်ခြား ကျောင်းသားတွေကိုလည်း တစ်ယောက်ချင်းစီ နှုတ်ဆက် စကားပြောပါတယ်။ တော်တော်ကြာတော့မှ ညစာစားတဲ့ အစီအစဉ်စပါတယ်။ တပ်ခွဲအလိုက် စီစဉ်ထားတဲ့ ညစာကို ကိုယ်တိုင်ယူစနစ်နဲ့ တန်းစီထည့်ပြီး ခုနက ထိုင်ကြတဲ့ ထိုင်ခုံလေးတွေမှာ ပေါင်ပေါ်တင်ပြီး စားကြတာဖြစ်ပါတယ်။ တက်ရောက်လာတဲ့ ပညာရေးညွန်ကြားရေးမှူးဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကတော်ကစလို့ ရဲဘော်လေး ရဲ့ မိန်းမ ကလေးတွေအဆုံး အဲသည်လိုပဲ ယူပြီး စားကြတာ ဖြစ်ပါတယ်။ စားပွဲဆိုလို့ ထိုင်ခုံတွေ ရှေ့ဆုံးမှာ ခင်းထားတဲ့ ဆက်တီစားပွဲ လေးငါးလုံးကလွဲရင် မရှိပါဘူး။ အဲသည်စားပွဲလေးတွေပေါ်မှာလည်း ဘာမှ အထွေအထူးတင်မထားပါဘူး။ စားပြီးရင်လည်း စားပြီးသား ပန်းကန်ကို မဏ္ဍာပ်နောက်ထဲက စားပွဲမှာ သွားတင်ပြီး ရေဘူးကရေကို ဖွင့်ပြီး သောက်တာပါပဲ။ ညစာစားပွဲမှာ မှတ်သားစရာလေးတွေ တွေ့ပါတယ်။ ပထမအချက်ကတော့ အခင်းအကျင်း စနစ်ကျန သပ်ရပ်တာဖြစ်ပါတယ်။ မြက်ခင်းပြင်ကို ဗဟိုပြု မျက်နှမူပြီး ထိုးထားတဲ့ တပ်ခွဲလိုက် မဏ္ဍာပ်တွေရဲ့ ခင်းကျင်းမှုပုံစံက နွေးထွေးမှု ရှိလှပါတယ်။ တစ်ခုနဲ့တစ်ခု သီးသန့်ဆန်မနေပါဘူး။ မဏ္ဍာပ်ထိုးတာလည်း သပ်သပ်ရပ်ရပ် မဏ္ဍာပ်နောက်မှာရှိတဲ့ အစားအသောက် စီစဉ်တဲ့ ရွက်ဖျင်တဲတွေကလည်း သပ်သပ်ရပ်ရပ်ပါပဲ။ နောက်ပြီး မြက်ခင်းနဲ့ မလှမ်းမကမ်းမှာ အလုံပိတ်ထားတဲ့ တဲလေးတွေတွေ့တော့ ဘာများပါလိမ့်ဆိုပြီး ကြည့်မိတယ်။ ရွေ့လျား အိမ်သာလေးတွေဗျ။ ယောက်ျားသတ်သတ် မိန်းမသတ်သတ် တဲတစ်လုံးစီ လုပ်ပေးထားတာ။ မဏ္ဍာပ်တွေ ထိုးထားတဲ့ မြက်ခင်းပြင်မှာပဲ လေထီး တဲတစ်ခု လုပ်ပြီး တီးဝိုင်းတစ်ခု ရှိနေသေးတယ်။ ကာရာအိုကေပေါ့ဗျာ သီချင်း ရတဲ့သူ ဝင်ဆိုလို့ ရတဲ့သဘောပါပဲ။ ဒုတိယ မှတ်သားစရာ ကောင်းတဲ့ အချက်က စစ်သည် အဆင့်အတန်းအားလုံး မိသားစု အားလုံး ကွဲပြားမှုမရှိဘဲ ပျော်ရွှင်ကြရတာ ဖြစ်ပါတယ်။ နေရာထိုင်ခင်း အစားအသောက်စသည်ဖြင့် အားလုံး တစ်ပြေးညီနီးပါး စီစဉ်ပေးထားပြီး နွေးနွေးထွေးထွေး တွေ့ကြဆုံကြ ပြောကြဆိုကြ ကလေးတွေဆိုလည်း ပြေးလွှားဆော့ကစားကြ တကယ့်ကို ပျော်စရာကောင်းတဲ့ ပွဲခင်းကြီးပဲဗျ။ တတိယ မှတ်သားရတာကတော့ အစားအသောက် အစီအစဉ်ကောင်းတာ ဖြစ်ပါတယ်။ ယမကာ အမြည်းနဲ့ ညစာတို့ကို ခမ်းခမ်းနားနား မဟုတ်တာတောင် သပ်သပ်ရပ်ရပ်နဲ့ လုံလုံလောက်လောက် စီစဉ်ထားပြီး တပ်ခွဲတစ်ခုမှာဆို တစ်ယောက်စီက ကြီးကြပ် စီမံနေတာ တွေ့ပါတယ်။ စတုတ္ထ မှတ်သားရတဲ့ အချက်ကတော့ ဒီမြေကို နင်းပါပြီ ဆိုကတည်းက ပထမဆုံး မိန်းမတွေ များများစားစား တွေ့ရတာပါပဲ။ ဆာရီလေးတွေ ရောင်စုံနဲ့ တလက်လက် တောက်ပနေတဲ့ ဒီအမျိုးသမီးတွေကို တွေ့တာ ဒါပထမဆုံးပါပဲ ဆိုတော့ အင်္ဂလိပ်စာသင်တဲ့ ဆရာမက ရယ်လိုက်တာ။
— in Pachmarhi, Madhya Pradesh.

Wednesday, 20 February 2013

စောစောက ပြောပါတော့လား


စောစောက ပြောပါတော့လား

           မြန်မာစာ ဌာနမှာ ပထမဆုံး စာဝင်ပြတဲ့ နေ့ကပေါ့။ စာတစ်ပိုဒ်ကို ရှင်းပြနေတာ ကျောင်းသားတစ်ချို့က ခေါင်းတစ်ယမ်းယမ်းနဲ့ နားထောင်နေကြတယ်။ ဘုရားဘုရား ငါလည်း ရှင်းပြရတာ အာပေါက်တော့မယ်။ အခုထိ နားမလည်ကြသေးပါလားဆိုပြီး ထပ်ရှင်းပြ။ သူတို့က ခေါင်းယမ်းနေတုန်းပဲ။ ပထမတစ်ခေါက် ရှင်းပြတုန်းက ကျောင်းသား သုံးပုံ တစ်ပုံလောက်ပဲ ခေါင်းယမ်းကြတာ။ ဒုတိယတစ်ခေါက် ရှင်းပြပြီးတော့ ကျောင်းသား သုံးပုံနှစ်ပုံလောက် ခေါင်းယမ်းလာကြတယ်။ ကဲ ဒီတစ်ခါ နောက်ဆုံးပဲ။ နားလည်ရင်လည်၊ မလည်ရင်လည်းနေ ဆိုပြီး တတိတစ်ကြိမ် ထပ်ရှင်းပြခါမှ တစ်တန်းလုံးနီးပါး ခေါင်းယမ်းပြကြတယ်။ တတ်နိုင်ဘူးလေဆိုပြီး ဌာမှူးကို ခေါ်ပြောရတယ်။ ဌာနမှူး ခင်ဗျား ကျောင်းသားတွေက ကျွန်တော် ဒီလောက်ရှင်းပြတာတောင် နားမလည်ကြဘူးလို့။ ဗိုလ်ကောင်းက ဘယ်လို ရှင်းပြလို့လဲတဲ့။ ကျွန်တော်ဗျာ ပါးစပ်ကလည်း အင်္ဂလိပ်လို ရှင်းပြတယ် (ကျောင်းသားတွေက အင်္ဂလိပ်လိုအသင့်အတင့် နားလည် ပြောတတ်တယ်) စာနဲ့လည်း ရေးပြတယ်။ လိုအပ်ရင် ပုံလည်း ဆွဲပြတယ်။ ကိုယ်ဟန်အမူအရာနဲ့လည်း ရှင်းပြတယ်။ သုံးခေါက်တောင် ရှင်းပြပြီးပြီဗျာ ဒါကို နားမလည်ကြတာ အံ့ပါရဲ့လို့ ပြောတော့ သူကြည့်ပါရစေတဲ့ တစ်ခေါက်လောက် ထပ်ရှင်းပြပါတဲ့။ ဒါနဲ့ ဌာနမှူးကို စာသင်ခန်းထဲခေါ်ပြီး တစ်ခေါက်ထပ်ရှင်းပြရတယ်။ မြတ်စွာဘုရား။ ဌာနမှူး ဦးစီးပြီး တစ်ညီတစ်ညွတ်တည်း ခေါင်းတွေ ရမ်းနေကြပါလား။ တော်ပြီ နောက်ကို ဒီဌာန စာလာမသင်တော့ဘူး လို့ ဆုံးဖြတ်ပြီး အတန်းချိန်ပြီးတော့ ဌာနမှူးကို ပြောလိုက်တယ်။ ဌာနမှူး ကျွန်တော် ဒီအတန်းကို ဆက်မသင်ပေးနိုင်တော့ဘူးလို့။ ဘာဖြစ်လို့လဲတဲ့။ ကျွန်တော် သူတို့ နားလည်အောင် မရှင်းပြတတ်တော့ဘူး ဆိုတော့ ဗိုလ်ကောင်း ဒီလောက် အသင်ကောင်းတာကိုတဲ့။ ဗိုလ်ကောင်း အသင်ကောင်းသားပဲတဲ့ ကျွန်တော်ဆို တစ်ခေါက်တည်းနဲ့ နားလည်သွားတာပဲတဲ့။ ဟင် ... ဒါဖြင့်ရင် ဘာလို့ ခေါင်းယမ်းတာလဲ ဆိုတော့ နားလည်လို့ ခေါင်းယမ်းပြတာပေါ့တဲ့။ သေရော။ သူတို့က နားလည်ရင် ခေါင်းယမ်းပြသတဲ့။ ဒီကကောင်က နားမလည်သေးဘူးထင်လို့ ထပ်ကာထပ်ကာ ရှင်းပြလိုက်ရတာ အမောဆို့တော့မယ်။

Tuesday, 19 February 2013

ပန်းပွင့်လေး


ပန်းပွင့်လေး
    ပန်းပွင့်လေးလို လှပပြီး နူးညံ့သိမ်မွေ့တဲ့ မြန်မာမလေး ဖြစ်စေချင်လို့ သမီးလေးကို ပန်းနာမည်လေး ပေးခဲ့တယ်။ ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သမီးကို ပန်းနာမည်ပေးဖို့ဆိုတာ အခက်သားကလား။ နာမည်မှည့်တဲ့ ဗေဒင်ဆရာတွေကလည်း နာမည် လှလှ ဆန်းဆန်းလေးတွေ ပေးတတ်ကြပေမယ့် ကိုယ်လိုချင်တဲ့ ပန်းနာမည်ကတော့ ပါမလာ။ နောက်ဆုံးတော့ ရှင်ကြာဖြူဆိုတဲ့ နာမည်လေးကို အဖေလုပ်သူကိုယ်တိုင် စိတ်တိုင်းကျ မှည့်ပေးခဲ့တယ်။ ကျန်းမာပြီး ရွှင်လန်းတဲ့ ပန်းပွင့်လေးကို အဖေအမေ အဘိုးအဘွားတွေ ကိုကိုမမ ဦးဦး ဒေါ်ဒေါ်တွေက ချစ်လို့ မဝခဲ့ကြဘူး။ ဒီလိုနဲ့ ပန်းပွင့်လေးဟာ ပက်လက်က မှောက်တတ်လာ။ မှောက်တတ်ရာက ထိုင်တတ်လာ။ ထိုင်တတ်ရာက မတ်တပ်ရပ်နိုင်လာ။ မတ်တပ်ရပ်နိုင်ရာက လမ်းလျှောက်တတ်တဲ့အရွယ်ကို ရောက်လာခဲ့တယ်။
    ပန်းပွင့်လေး လမ်းလျှောက်တတ်ခါစမှာ ယိုင်ယိုင် ယိုင်ယိုင်နဲ့လျှောက်တော့ လမ်းလျှောက်တတ်စလေးကို ဝိုင်းဝန်းအားပေးရင်း အမှီအတွယ်မရှိ လျှောက်နိုင်လာခဲ့တယ်။ လမ်းကောင်းကောင်း လျှောက်နိုင်တာတောင်မှ ခြေတစ်ဘက်က ပဲ့နင်းပဲ့နင်းနဲ့ ဖြစ်နေတုန်း။ လမ်းလျှောက်သက်နုစဉ်အခါတုန်းကတော့ ဟန်ချက်မထိန်းနိုင်သေးလို့ ယိုင်ယိုင် ယိုင်ယိုင် ဖြစ်နေတာပါပဲလေဆိုပြီး အလေးမထားမိပေမယ့် လမ်းကောင်းကောင်း လျှောက်နိုင်တဲ့အထိ ခြေတစ်ဘက်က ဆာတာတာ ဖြစ်နေတာကိုတော့ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့ဘူးဆိုပြီး ပန်းပွင့်လေး နေမကောင်းရင် ပြနေကျ အထူးကု (အထူးကု) ဆေးရုံက ကလေးပါရဂူ (ပါရဂူ) ဆီမှာ ပြကြည့်တယ်။ ကယ်လ်ဆီယမ်ဓာတ်များ မပြည့်ဝလို့လားဆိုပြီး ဆရာဝန်က ဆေးတွေတိုက်လို့ သောက်ရသေးတယ်။ အခြေအနေကတော့ တိုးတက်မလာဘူး။
    ဒီနေရာမှာ တစ်ခုပြောချင်တာက ကလေးတွေကို အထူးကုလုပ်ပေးနေတဲ့ ဆရာဝန်က ဒီအကြောင်းနဲ့ပတ်သက်ပြီး လုံးဝကို ကြားဖူးနားဝ မရှိပဲ သင့်တော်တဲ့ ဆရာဝန်ဆီကို လမ်းညွန်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ အထူးကု ဆရာဝန်တစ်ယောက်ဟာ ရောဂါတွေ အကုန်လုံးအကြောင်း ခရေစေ့တွင်းကျ မသိနိုင်ဘူးဆိုတာ သဘာဝကျပေမယ့် အထူးကုဆိုတဲ့ ဆေးခန်းကြီးမှာ ကြေးကြီးကြီးနဲ့ ထိုင်ပြီး ကုသနေတဲ့ ကလေးအထူးကုဆိုတဲ့ ဆရာဝန်ကြီးကတော့ ကလေးတစ်ယောက်မှာ တစ်ခုခုတော့ မှားနေပြီး ဆိုတာကို သံသယစိတ်နဲ့ သက်ဆိုင်ရာကို လွှဲပို့ပေးနိုင်လောက်တဲ့ ဗဟုသုတတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အခုတော့ ယုံယုံကြည်ကြည်နဲ့ အပ်နှံထားတဲ့ အထူးကု ဆရာဝန်ကြီးရဲ့ ဗဟုသုတ ခေါင်းပါးမှုကြောင့် ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးကို အချိန်မီ ကုသမပေးနိုင်ခဲ့ဘူး။ ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးဟာ တစ်သက်လုံး ဒီလိုပဲ ခြေတစ်ဖက် ဆာပြီး အလှ ပျက်ရတော့မှာလား။
    ပန်းပွင့်လေးအသက် နှစ်နှစ် ပြည့်ခါနီးမှာမှ အရိုးအထူးကု ဆရာဝန်ကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဒီတော့မှပဲ တကယ့် အဖြစ်မှန်ကို သိခဲ့ရတော့တယ်။ ပန်းပွင့်လေးက တင်ပါးဆုံရိုးနဲ့ ပေါင်ရင်း ဆုံတဲ့ နေရာမှာ တင်ပါးဆုံခွက်ထဲ ပေါင်ရိုးက နေရာတကျ မရောက်လို့ အခုလို့ ဖြစ်နေတာလို့ သိရတယ်။ မွေးရာပါ ဖြစ်နိုင်သလို မတော်တဆကြောင့်လည်း ဖြစ်နိုင်ပါသတဲ့။ ဘာကြောင့် ဖြစ်ရသလဲဆိုတာ အသာထားလို့ ဘယ်လိုကုလို့ရမလဲဆိုတော့ အရေးကြီးတယ်တဲ့။ အချိန်မီ မကုသရင် ဖွံ့ဖြိုးရေးကိုပါ ထိခိုက်နိုင်ပါသတဲ့ ဆိုတော့ မိဘဘိုးဘွားတွေ မျက်ကလဲဆန်ပြာ ဖြစ်ရပါပြီ။
    တကယ်လို့သာ အခုလိုဖြစ်တာကို ကလေးအသက် ဆယ့်ရှစ်လအတွင်း သိခဲ့ရင် အရိုးကို နှိပ်နယ် နေရာပြုပြင်ပြီး ကုသပေးလို့ ရနိုင်ပါသတဲ့။ ဆယ့်ရှစ်လ ကျော်သွားရင်တော့ ခွဲစိတ်ကုသမှ ရပါသတဲ့။ တကယ်လို့များ ကလေးအသက် လေးနှစ်ကျော်သွားရင်တော့ ကုသလို့ မရနိုင်တော့ပါဘူးတဲ့။
အခုတော့ ကလေးအသက် ဆယ့်ရှစ်လ ကျော်သွားပြီမို့ ခွဲစိတ်ကုသရမယ့် အဆင့်ကို ရောက်နေပါပြီ။
    ခွဲစိတ်ကုသဖို့ ပြင်ဆင်တဲ့အခါကျတော့ သာမန်အားဖြင့် ဒီလိုကိစ္စမျိုးက အသေးစားခွဲစိတ်မှု ဖြစ်ပေမယ့် ကလေးအသက်က နှစ်နှစ်ပြည့်သွားပြီး ကလေး လမ်းလျှောက်သက်ကလည်း တစ်နှစ်နီးပါးရှိသွားပြီမို့ အရိုး ပတ်ပတ်လည်က အသားတွေက အရိုးကို ကောင်းကောင်း တွယ်နေပါပြီတဲ့။ ခွဲစိတ်ရင် အဲသည်အသားတွေကိုပါ ဖယ်ထုတ်ပြီးမှ အရိုးကို နေရာပြန်ချရမှာမို့ အသေးစား ခွဲစိတ်မှုမဟုတ်တော့ဘဲ အကြီးစားခွဲစိတ်မှုဖြစ်သွားပါပြီတဲ့။ မိဘဘိုးဘွားတွေ ဘုရားတရပြီပေါ့။
    ဒါပေမယ့် ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် ပန်းပွင့်လေးကို ချောချောမွေ့မွေ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရိုးနဲ့ ပတ်သက်ရင် အတော်ဆုံးဆိုတဲ့ ဆရာဝန်ကြီးက ခွဲစိတ်ကုသပေးပြီး တစ်ပတ်အကြာမှာ အားလုံးအဆင်ပြေ ပါပြီတဲ့။ ဆေးရုံက ဆင်းခွင့် ရခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့မှာ ခွဲစိတ်ကုသပြီး ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ရလဒ်တွေ ဓာတ်မှန်အဖြေတွေ အားလုံးဟာ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ မေ့ဆေးပြယ်ပြီးပြီးချင်း ကလေးက လန့်ပြီး တစ်ရက်လောက် အပြင်းအထန် ဖျားပြီးနောက်မှာ အခုတော့ အရင်ကလိုပဲ ရွှင်လန်းတဲ့ ပန်းပွင့်လေးပြန်ဖြစ်နေပါပြီ။ ဘွားအေလုပ်ကျွေးတဲ့ အာဟာရဓာတ်အစုံပါတဲ့ ထမင်းကိုလည်း ကောင်းကောင်းစားနေပြီ။ ကြက်ပေါင်းနဲ့ ငှက်သိုက်ကိုလည်း ကောင်းကောင်းသောက်နေပြီ။ ရုပ်ရုပ်လေးတွေနဲ့လည်း ဆော့နေပြီ။ ဖေဖေနဲ့ ဖုန်းပြောတဲ့အခါ ဖေဖေ့ကို အများကြီးချစ်ဆိုပြီးတော့လည်း ချွဲနေနိုင်ပြီ။ (ပန်းပွင့်လေးကို ခွဲစိတ်ကုသတဲ့အချိန်မှာ အဖေလုပ်တဲ့သူက နိုင်ငံရပ်ခြားမှာ သင်တန်းသွားတက်ရတဲ့အချိန် ဖြစ်နေပါတယ်)ဘာဘာဘလက်ရှိ သီချင်းကိုလည်း အသံနေအသံထားနဲ့ ဆိုနေနိုင်ပါပြီ။ လာမည့် တစ်လကျော်အချိန် ကျောက်ပတ်တီး ဖြည်ပြီးတဲ့အခါကျရင် တစ်ခြား သူ့အရွယ်ကလေးတွေလိုပဲ မတ်မတ်လမ်းလျှောက်နိုင်ပါတော့မယ်။
    ပန်းပွင့်လေးပုံတွေကို အများကြီး ကြည့်ဖူးကြတဲ့ ဗိုလ်ကောင်းရဲ့ သူငယ်ချင်းတွေ အားလုံး ပန်းပွင့်လေးအတွက် ဝိုင်းပြီး ဆုတောင်းပေးကြမယ်လို့ ယုံကြည်ပါတယ်။