ဒီနှစ် မတ်လ ၂၇ ရက်နေ့ဟာ ရောင်စုံဆေးတွေနဲ့ ပက်ဖြန်းကစားကြတဲ့ ဟိုလီပွဲတော်နေ့ ဖြစ်ပါတယ်။ ဟိုလီ ပွဲတော်ဆိုတာ ဟိန္ဒူတွေရဲ့ ရှေးဟောင်း ဘာသာရေး ဇာတ်လမ်းတစ်ပုဒ်ကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တစ်ခါက နတ်ဘုရင်တစ်ပါး ရှိသတဲ့။ ဗြဟ္မာတွေက အဲသည်နတ်ဘုရင်ကို ဘယ်သူသတ်သတ် မသေနိုင်တဲ့ ဆုလာဘ်ကိုလည်း ပေးထားသတဲ့။ သူရထားတဲ့ ဆုလာဘ်အရဆိုရင် သူ့ကို နေ့မှာဖြစ်ဖြစ် ညမှာဖြစ်ဖြစ်၊ အိမ်ထဲမှာ ဖြစ်ဖြစ် အိမ်ပြင်မှာဖြစ်ဖြစ်၊ ကောင်းကင်မှာဖြစ်ဖြစ် မြေပြင်ပေါ်မှာဖြစ်ဖြစ်၊ လူသားကပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် သတ်လို့ မရနိုင်ဘူးပေါ့။ ဒီလိုဆုလာဘ်ကို ရထားတဲ့ နတ်ဘုရင်တစ်ပါးဟာ ဘယ်မှာ စိတ်ကြီးမဝင်ဘဲ နေပါတော့မလဲ။ ဒါနဲ့ပဲ သူဟာ လူသားတွေနေထိုင်ရာ လောကနဲ့ ကောင်းကင်ဘုံကို တိုက်ခိုက်ရန်ပြုတော့တာပဲ။ လူတွေက ဘုရားသခင်ကို ကိုးကွယ်နေရာက သူ့ကို ပြောင်းပြီး ကိုးကွယ်စေချင်လာပါတော့သတဲ့။
ဖအေလုပ်သူက ဘယ်လိုပဲလုပ်လုပ် သားဖြစ်သူကို သတ်လို့မရတဲ့ အဆုံးမှာ နောက်ဆုံး အစ်မတော်ရဲ့ ရင်ခွင်ထဲမှာ ထားပြီး မီးဖိုထဲ ဆင်းခိုင်းတော့တာပဲ။ ဒါပေမယ့် အစ်မတော်ကလည်း မီးလောင်ပြီး မသေနိုင်တဲ့ ဆုလာဘ်ကို ရထားတော့ ဒီနည်းနဲ့လည်း သားဖြစ်သူကို မသတ်နိုင်ပြန်ဘူး။ ဒါနဲ့ သားဖြစ်သူက ဖခင် နတ်ဘုရင်ရဲ့ အမိန့်ကို နာခံပြီး မီးပုံထဲကို ခုန်ဆင်းတော့တယ်။ ဒါပေမယ့် ဒီတစ်ခါလည်း လွတ်မြောက်သွားပြန်တယ်။ အဲသည်လို မီးဖိုထဲ ခုန်ဆင်းတာက လွတ်မြောက်လာတဲ့ အထိန်းအမှတ်နဲ့ ဟိုလီပွဲတော်ကို ကျင်းပကြတာ ဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်းမှာ ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာဟာ ဟိုလီပွဲတော်ကို ပါဝင်ဆင်နွှဲကြပါတယ်။ ပွဲတော်လုပ်တဲ့ ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုးပေါ့။ ရှေးအကျဆုံး ရည်ရွယ်ချက်ကတော့ နွေဦးပေါက်ရာသီကို ကြိုဆိုကြတာပါ။ မူလကတော့ ကောက်နှံတွေ ရိတ်သိမ်းဖို့နဲ့ လယ်ယာတွေ မြေသြဇာကောင်းစေတဲ့ အထိမ်းအမှတ်နဲ့ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒီချိန်ဒီအခါဟာဆိုရင် ဆောင်းရာသီကို နုတ်ဆက်ခွဲခွာပြီး အရောင်အသွေး အစုံအလင်နဲ့ လှပတဲ့ နွေဦးကို ကြည်နူးခံစားရတဲ့ အချိန်အခါပဲလို့ ဟိန္ဒူတွေက ယုံကြည်ကြပါတယ်။ ဒါ့အပြင် ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခု အနေနဲ့လည်း ဒီပွဲကို ကျင်းပကြပါတယ်။ ဘာသာရေးပွဲတော် ဖြစ်ပေမယ့် တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှားရတဲ့ ပျော်စရာ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတော်တွင်းမှာ မီးဖိုကြီးဖိုတယ်။ တစ်ယောက်နဲ့တစ်ယောက် အရောင်စုံတွေနဲ့ ပက်ဖျန်းကြတယ်။ တကယ့်ကို သည်းသည်းမဲမဲ ပျော်ကြရတဲ့ ပွဲတော်ပါပဲ။
နေရာတော်တော်များများမှာတော့ ဟိုလီပွဲတော်ကို နှစ်ရက်လောက် ကျင်းပကြပါတယ်။ ဟိုလီပွဲတော်ဟာ အသက်အရွယ်ကွာခြားတာတွေ၊ ကျားမ ကွာခြားတာတွေ၊ လူမှုရေးအဆင့်အတန်း ကွာခြားတာတွေ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားတာတွေ ကို ပယ်ရှားပေးပါတယ်။ ဆင်းရဲသားတွေ လူချမ်းသာတွေ ယောက်ျားတွေ မိန်းမတွေဟာ ဟိုလီပွဲတော်ကို အတူတကွ ဆင်နွှဲကြပါတယ်။ ပွဲတော်ရက်မှာတော့ ဘယ်သူမှ သိမ်သိမ်မွေ့မွေ့ မရှိကြပါဘူး။ အားလုံးဟာ ကြမ်းကြမ်းတမ်းတမ်း တွန်းတွန်းတိုက်တိုက် အသည်းအသန် ပျော်ရွှင်ကြတာပါ။ ဟိုလီပွဲတော်မှာ အဓိကကတော့ ရောင်စုံဆေးမှုန့်တွေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ပက်ဖျန်း ကစားကြတာမို့ ဟိုလီပွဲတော်ကို အရောင်စုံပွဲတော်လို့လည်း ခေါ်ကြပါတယ်။
No comments:
Post a Comment